The New Mutants ဟာ 20th Century Studio ရဲ့ X-Men ရုပ်ရှင်တွေထဲက ရုပ်ရှင်အသစ်တကားဖြစ်ပြီး လွန်ခဲ့တဲ့နှစ်က စီးပွာရေးအရရော ဝေဖန်ရေးနယ်ပယ်မှာပါ မျက်နှာပန်းမလှခဲ့တဲ့ Dark Phoenix ရုပ်ရှင်ကို ပြန်လည်အဖတ်ဆယ်ဖို့ အသေအချာရိုက်ကူးထားတဲ့ ရုပ်ရှင်တကားပဲ ဖြစ်ပါတယ်။
The New Mutants ရဲ့ ဒါရိုက်တာ Josh Boone ကတော့ အခု သူတာဝန်ယူ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဟာ Horror ဘက်ကို ပိုအသားပေးထားတာ ဖြစ်တဲ့အပြင် ဟောလိဝုဒ် စူပါဟီးရိုးတွေထဲက ဖောက်ထွက် ဖန်တီးထားတာဖြစ်တယ်လို့ ပြောဆို ဖွင့်ဟခဲ့ဖူးပါတယ်။
အခုတခါမှာလည်း သူ့ရဲ့ တယောက်တည်း ပုဂ္ဂလိကအမြင်ကို ပြန်လည် မျှဝေခဲ့တာဖြစ်ပြီး သိပ်မကြာခင် ထွက်ရှိလာတော့မယ့် The New Mutants ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အချက်အလက် တချို့ကို ပရိသတ်တွေအတွက် ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။
“Deadpool နဲ့ Logan ရုပ်ရှင်တွေဟာ ပရိသတ်တွေကို ခံစားမှုတွေ ပေးစွမ်းနိုင်ခဲ့တာ အသေအချာပါ။ အခု The New Mutants ရုပ်ရှင်ကတော့ ထိတ်လန့် ရင်ခုန်စရာတွေအပြင် မျက်ရည်ကျလောက်တဲ့အထိ ဝမ်းနည်းသွားစေနိုင်မှာပါ”လို့ အင်တာဗျူးတခုမှာ ဖြေဆိုခဲ့တာပါ။
ရိုက်ကူးရေး မစတင်ခင်မှာလည်း ဇာတ်ညွှန်း ရေးသားမှုပိုင်းဆိုင်ရာမှာ ဒါရိုက်တာ ကိုယ်တိုင် ပြန်လည်တည်းဖြတ်ခဲ့တဲ့အပြင် ရိုက်ကူးရေး စတင်တဲ့အခါမှာလည်း စိတ်တိုင်း မကျမချင်း ရိုက်ကူးခဲ့တာဖြစ်လို့ ဒါရိုက်တာ Josh Boone ရဲ့ အားထုတ်မှုကို ရုပ်ရှင်ထွက်ရှိလာတဲ့အခါ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
20th Century Studio ရဲ့ X-Men ရုပ်ရှင်တွေဟာ ၂၀၀၀ ခုနှစ်ကတည်းက X-Men ရုပ်ရှင် စတင်ဖန်တီး ပြသခဲ့တာဖြစ်ပြီး အခုချိန်ထိ နာမည်ကျော်ကြားဆဲဖြစ်တဲ့ “Days of Future Past”, “Deadpool”, “Logan” , “The Last Stand”, “Wolverine” ရုပ်ရှင်တွေကိုလည်း တင်ဆက်ခဲ့ဖူးတာကြောင့် အသစ်ထွက်ရှိလာမယ့် The New Mutants ရုပ်ရှင်ဟာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေ အပြည့်နဲ့ ရုပ်ရှင်ချစ် ပရိသတ်တွေဆီ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these story:
Marvel ပရိသတ်တွေ ကျေနပ်မိကြရတဲ့ “The New Mutants” ရုပ်ရှင် Trailer