Entertainment

သူများနဲ့ ဘယ်တော့မှ မယှဉ်ပြိုင်ဘူးဆိုတဲ့ “Best in Glamour” ဆုရှင် အလှမယ် ဟန်တီ

Myanmar’s Pride Award 2019 ပွဲမှာ အလှမယ်နှင့် မော်ဒယ်ကဏ္ဍအတွက် “Best in Glamour” ဆုကို ရရှိခဲ့တဲ့ အလှမယ် ဟန်တီက ဆုရခဲ့တာနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပါတယ်။

“ဟန်တီအနေနဲ့ Myanmar’s Pride Awards ဆုရမယ်တောင် မထင်ထားဘူး။ ဆန်ခါတင်ထဲ ပါတယ်လို့ ဖုန်းဆက်တော့ သြော် ဟုတ်လား ပါတာလားပေါ့။ တချို့ကိုယ်ထက် အများကြီးလှပြီး အများကြီး တော်ကြတယ်။ ဟန်တီက ဒီဆုကိုလည်း မမှန်းပါဘူး။ အနုပညာလမ်းမှာ ကြိုးစားလာတယ်။ အခုလို ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ အလှမယ်ပွဲတွေလည်း အများကြီး ယှဉ်ပြိုင်ခဲ့သလို ပရိသတ်တွေကလည်း အများကြီး အားပေးခဲ့ပါတယ်”

“ဒီဆုဟာ Voting ပေးတဲ့သူတွေရော၊ ဒိုင်လူကြီးတွေရဲ့ အမှတ်တွေရော ပါဝင်တာကြောင့် အမှတ်တရတွေ အများကြီး ဖြစ်ပါတယ်။ ဟန်တီက သူများနဲ့ ဘယ်တော့မှ မယှဉ်ပြိုင်ဘူး။ ကိုယ်အကောင်းဆုံးလုပ်နိုင်အောင်ပဲ ကြိုးစားတယ်။ ဆုဆိုတာ ရခြင်း၊ မရခြင်း နှစ်မျိုးပဲ ရှိတာကြောင့် ကိုယ်နဲ့ ထိုက်တန်ရင်တော့ ရမယ်။ မထိုက်တန်ရင် မရဘူး။ တတ်နိုင်သလောက် အကောင်းဆုံး လုပ်ဆောင်တယ်”လို့ ဟန်တီက ပြောပါတယ်။

လတ်တလော ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါနဲ့ ပတ်သက်ပြီးလည်း ဟန်တီက ပြည်သူတွေ အကုန်လုံး ကျန်းမာရေးအတွက် ဂရုစိုက်စေချင်တယ်လို့ ဆိုပါတယ်။

“ကူးစက်ရောဂါတွေ ဖြစ်နေပေမယ့် သင်္ကြန်ကိုတော့ မပျက်စေချင်ဘူး။ ဟန်တီရဲ့ ခံစားချက်နဲ့ ပြောတာ။ ဒါပေမဲ့ ပြည်သူတွေ အကုန်လုံးကတော့ ကျန်းမာရေးအတွက် ဂရုစိုက်ရမယ်။ အသွားအလာ အထိအတွေ့ကြောင့် ရောဂါပိုးဝင်မှာကို သတိထားသင့်တယ်”လို့ ဟန်တီက ပြောပါတယ်။

“ဒီနှစ်သင်္ကြန်တော့ မဏ္ဍပ်တွေပြောထားတာ ရှိတယ်။ သီချင်းဆိုဖြစ်မှာပါ။ သင်္ကြန်ကို ပျော်ပျော်ပဲဖြတ်သန်းတယ်။ အလုပ် လုပ်ရင်လုပ်၊ မလုပ်ရင် မိသားစုနဲ့ပဲ ဖြတ်သန်းဖြစ်ပါတယ်”လို့ ဟန်တီက ဆိုပါတယ်။

အလှမယ် ဟန်တီဟာ Miss Myanmar World 2018 အလှမယ် ဖြစ်ပြီး တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss World 2018 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့သူပါ။ ဟန်တီဟာ ၂၀၁၂ ခုနှစ်မှ စတင်ကာ Miss လောကထဲ ဝင်ရောက်လာခဲ့ပြီး ပြည်တွင်းပြည်ပ ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ကာ ဆုများစွာ ရရှိထားသူလည်း ဖြစ်ပါတယ်။

You may also like these stories:

အသားအရေ လှအောင် ဆုတောင်းပေးတာကို ဝေဖန်ခံနေရတဲ့ ဝင်းမင်းသန်း

ငါးခုံးမ တကောင်ကြောင့် တလှေလုံး မပုတ်စေချင်တဲ့ အလှမယ် နှင်းသွေးယုအောင်

“ရန်ကုန်သားလေး ကျွန်တော်” သီချင်းကို ပြန်လည်သီဆိုတဲ့ အကြောင်းပြောပြတဲ့ Project K

Loading