သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ သရုပ်ဆောင် မေသန်းနုအား နောက်တိုးတရားခံအဖြစ် တရားစွဲဆိုထားတဲ့ တရားလို ဒေါ်စန်းစန်းမြင့်ရဲ့ ယနေ့ ရုံးချိန်းမှာတော့ တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်ကို စတင်စစ်ဆေးခဲ့ပြီး ဒေါ်စန်းစန်းမြင့်ဘက်မှ သက်သေခံစာချုပ် ၂ ခုကို တင်သွင်းခဲ့ပါတယ်။
အဆိုပါ သက်သေခံစာချုပ်များကတော့ ဦးသူခက်မှ ဒေါ်စန်းစန်းမြင့်ထံ ငွေချေးခဲ့စဉ်က ဒေါ်စန်းစန်းမြင့်ရဲ့ အိမ်ပေါင်တဲ့ အရောင်းအဝယ် စာချုပ်နဲ့ ငွေထုတ်ပေးစဉ် ချုပ်ဆိုခဲ့တဲ့ ယုံကြည်အပ်နှံခြင်း စာချုပ်တို့ပဲ ဖြစ်ပါတယ်။
တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်ဘက်မှ တရားရုံးတော်သို့ သက်သေခံ တင်သွင်းရာမှာတော့ သက်သေခံ (က) ဖြစ်တဲ့ အရောင်းအဝယ် စာချုပ်ကိုတော့ စွပ်စွဲခံရသူ ရှေ့နေမှ ကန့်ကွက်ခြင်း မရှိခဲ့ဘဲ သက်သေခံ (ခ) တင်သွင်းရာမှာတော့ မိတ္တူဖြစ်နေတာကြောင့် ကန့်ကွက်ခဲ့ပါတယ်။
စွပ်စွဲခံရသူဘက်မှ ကန့်ကွက်တဲ့ သက်သေခံ (ခ) မိတ္တူဖြစ်နေရခြင်း အကြောင်းက အရှေ့ပိုင်းခရိုင်တရားရုံးမှာ စွဲဆိုထားတဲ့ တရားမမှုအတွက် တင်သွင်းထားတာကြောင့်ဖြစ်ပြီး မိတ္တူကိုလည်း သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ အခွင့်ရအရာရှိရဲ့ လက်မှတ် ပါရှိတာကြောင့် တရားသူကြီးမှ သက်သေအဖြစ်တင်သွင်းခြင်းကို လက်ခံခဲ့ပါတယ်။
သရုပ်ဆောင် မေသန်းနုအား နောက်တိုး တရားခံအဖြစ် စွဲဆိုခံရခြင်း အကြောင်းကတော့ သူနဲ့ လုပ်ငန်းအတူလုပ်ကိုင်လျက်ရှိတဲ့ ဦးသူခက်ဆိုသူအား မေသန်းနုမှ ဒေါ်စန်းစန်းမြင့်နဲ့ မိတ်ဆက်ပေးကာ ဦးသူခက်ငွေကြေး လိုအပ်နေချိန်တွင် ဒေါ်စန်းစန်းမြင့်ထံ ငွေချေးပေးရန်အတွက် မေသန်းနုမှ အာမခံပေးခဲ့တယ်လို့ သိရပါတယ်။
ဦးသူခက်မှ ဒေါ်စန်းစန်းမြင့်ထံမှ ငွေကျပ်သိန်း ၂၅၀၀ ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလက ချေးခဲ့ပြီး အခုလိုမျိုး ဒေါ်စန်းစန်းမြင့်ထံမှ ငွေရေးကြေးရေး အကူအညီရပါက ဒေါ်စန်းစန်းမြင့်ရဲ့ သားသမီးများကို သြစတြေးလျနိုင်ငံမှာ ကျောင်းထားပေးပြီး ဒေါ်စန်းစန်းမြင့်ကိုလည်း သြစတြေးလျနိုင်ငံက ခေါက်ဆွဲဆိုင်မှာ အလုပ်သွင်းပေးမယ်ဆိုတဲ့ ပြောဆိုမှုများရှိခဲ့တယ်လို့ သိရပါတယ်။
ဒေါ်စန်းစန်းမြင့်မှ မေသန်းနုရဲ့ အကူအညီတောင်းမှုကြောင့် ကမာရွတ်မြို့နယ်၊ လှည်းတန်းမှာ ရှိတဲ့ သူ့ရဲ့ နေအိမ်ကို ပေါင်နှံကာ ငွေချေးပေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ အဆိုပါအမှုအတွက် တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်အား စစ်ဆေးရန် ရုံးချိန်း ၈ ချိန်း ပေးခဲ့ပြီး အမှုအားလုံးအတွက် ရက်ပေါင်း ၂၇၀ အတွင်း အပြီးစစ်ဆေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့ ရုံးချိန်းမှာတော့ တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်နဲ့ တရားလို ရှေ့နေဖြစ်သူတို့မှ မီဒီယာများရဲ့မေးမြန်းမှုကို အမှားများ ပါမှာစိုးတာကြောင့် ပြန်လည် ဖြေကြားခြင်း မပြုခဲ့ပါဘူး။
You may also like these stories:
“ဆုံးရှုံးသွားတာထက် ပေးနိုင်သလောက်ပေးရင် ဘာမှ မဖြစ်ပါဘူး”လို့ ဒေါ်စန်းစန်းမြင့် ပြော
မေသန်းနုအမှု ရုံးချိန်း ကင်းလွတ်ခွင့်တင်ခြင်းအား တရားရုံးမှ ပလပ်ခဲ့