Entertainment

ဇာတ်ကားအသစ် ပရိုမိုးရှင်းပွဲအတွက် မင်းသား Vin Diesel တရုတ်နိုင်ငံသို့ သွားမည်

မင်းသား Vin Diesel ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူ့ရဲ့ ရုပ်ရှင်အသစ်တွေဖြစ်တဲ့ “Bloodshot” နဲ့ “Fast and Furious 9” ရုပ်ရှင်တွေ ပြသဖို့ ရက်ကို ရွှေ့ဆိုင်းမှာ မဟုတ်ပါဘူး။

အသက် ၅၂ နှစ်အရွယ် မင်းသားဟာ ပရိသတ်တွေကို အမြဲကျေနပ် ပျော်ရွှင်စေဖို့ စိတ်ဆုံးဖြတ်ထားပြီး ဂျိမ်းစ်ဘွန်း ရုပ်ရှင်အသစ် “No Time to Die” ပြသမယ့်ရက်ကို ရွှေ့ခဲ့ရတဲ့အထိ ဖြစ်စေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားမှုတွေ ရှိနေပေမယ့် တရုတ်နိုင်ငံမှာ “Fast and Furious 9” ရုပ်ရှင်ကို ပရိုမိုးရှင်း လုပ်သွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

USA Today နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ မင်းသား Vin က “ပရိသတ်တွေ ဘယ်လောက်လောက်က ကျနော့်ကို လာတွေ့ကြမယ်ဆိုတာကို ဘုရားသခင်သာ သိတာကြောင့် ပရိသတ်တွေကို ကျနော် တွေ့ချင်ပါတယ်။ ကျနော် အရူးအမူး ဖြစ်နေပါပြီ။ အခုလိုအချိန်မှာတောင် တရုတ်နိုင်ငံကို လွှတ်ဖို့ Sony ကို ကျနော် တောင်းဆိုထားပါတယ်။ ပြီးတော့ ခင်ဗျားတယောက်တည်း သွားရမှာနော်ဆိုတဲ့ အကြည့်နဲ့ လူတိုင်းက ကြည့်ကြတယ်ဗျာ”လို့ ပြောပါတယ်။

လာမယ့်မေလမှာ စီစဉ်ထားတဲ့အတိုင်း အဲ့ဒီရုပ်ရှင်အသစ်ကို ဖြန့်ချိပြဖို့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ကြတဲ့ ဘယ်သူ့ကိုမဆို သူ့အနေနဲ့ ဗွေယူမှာ မဟုတ်ပေမယ့် Universal Pictures အနေနဲ့ အချိန်ဇယားအတိုင်းပဲ လုပ်ဆောင်သင့်တယ်လို့ ထင်မြင်တဲ့အကြောင်း မင်းသားက ဆိုပါတယ်။

“အခုအချိန်မှာ အဲ့ဒီရုပ်ရှင်ကို ပြသတာ ခင်ဗျားတို့တွေ မိုက်မဲရာကျတယ်လို့ ပြောလာတဲ့ ဘယ်သူ့ကိုမဆို ကျနော်က ဗွေယူမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့က အခုအချိန်မှာ ရုပ်ရှင်တွေကို ပိုလိုအပ်ပါတယ်။ ရုပ်ရှင်နဲ့ ရုပ်ရှင်ရုံမှာ သွားကြည့်ရတဲ့ အတွေ့အကြုံကို ခြိမ်းခြောက်ခံနေရပါတယ်။ ဒါကြောင့် ကျနော်တု့ိက လူထင်ပြရမှာ ဖြစ်ပါတယ်”လို့ မင်းသားက ဆိုပါတယ်။

မင်းသား Vin ကတော့ ရုပ်ရှင်ရုံမှာ ကြည့်ရတဲ့ အတွေ့အကြုံရဲ့ မှော်ဆန်မှုကို ထောက်ခံအားပေးချင်နေပြီး ရုံဝင်ငွေ ကိန်းဂဏန်းတွေထက် ရုပ်ရှင်က ပျော်ရွှင်မှုကို မျှဝေပေးလိမ့်မယ်လို့လည်း ယုံကြည်ထားပါတယ်။ မင်းသားဟာ “Bloodshot” ရုပ်ရှင်မှာ နာနိုနည်းပညာကို အသုံးပြုပြီး အသက်ပြန်ရှင်လာတဲ့ စစ်သားတဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။

အဲ့ဒီအကြောင်းနဲ့ လက်တွေ့ဘဝကို ဆက်နွယ်ပြီး မင်းသားက “ခင်ဗျားကို ဒီလိုပြောကြည့်မယ်ဗျာ။ Bloodshot က စစ်သားတယောက်ဖြစ်တယ်။ စစ်သားတယောက်က သူတာဝန်ချထားခံရမယ့် နေရာကို ဆုံးဖြတ်ပိုင်ခွင့်ရော၊ ရွေးချယ်ခွင့်ပါ မရှိဘူး။ ကျနော်တို့ သွားရမှာပဲလေ”လို့ ပြောဆိုခဲ့ပါတယ်။

Ref: asiaone

You may also like these stories:

“Fast & Furious 9” မှာ ဧည့်သည်သရုပ်ဆောင် အနေနဲ့သာ ပါဝင်တော့မယ့် The Rock

“Fast & Furious 9” ရုပ်ရှင်မှာ ပြန်လည် ပါဝင်လာနိုင်ခြေ ရှိတဲ့ မင်းသား Paul Walker

Loading