BigBang အဖွဲ့ဝင်တွေဖြစ်တဲ့ G-Dragon, Taeyang, T.O.P နဲ့ Daesung တို့ ၄ ယောက်လုံး လက်ရှိ ချုပ်ဆိုထားတဲ့ YG Entertainment နဲ့ပဲ စာချုပ်သစ် ထပ်မံ ချုပ်ဆိုခဲ့တယ်လို့ မတ်လ ၁၁ ရက်နေ့မှာ အေဂျင်စီက တရားဝင်ကြေညာလိုက်ပါတယ်။
၂၀၀၆ ခုနှစ်ကနေ BigBang အဖွဲ့အဖြစ် စတင် ပွဲထွက်လာခဲ့တဲ့ အချိန်ကစလို့ ဒီနေ့ထိ အေဂျင်စီနဲ့ ထပ်မံ သက်တမ်းတိုးလိုက်တာဟာ သုံးကြိမ်မြောက်လည်း ဖြစ်ပါတယ်။ BigBang အဖွဲ့ဝင်တွေအကုန်လုံး စစ်မှုထမ်းဆောင်ပြီးနောက်ပိုင်း စာချုပ်သစ်ကိစ္စနဲ့ ကောလာဟလ သတင်းတွေ အများအပြား ထွက်ပေါ်ခဲ့ပေမယ့် နောက်ဆုံးတော့ YG Entertainment နဲ့ပဲ သက်တမ်းတိုး ချုပ်ဆိုလိုက်ပါတယ်။
YG Entertainment က BigBang အဖွဲ့ဝင် ၄ ယောက် စာချုပ်သစ် ထပ်မံချုပ်ဆိုလိုက်တာနဲ့ ပတ်သက်ပြီး “ကိုရီးယား K-Pop ယဉ်ကျေးမှုကို ကမ္ဘာကသိအောင် ဂီတနဲ့ လွှမ်းမိုးနိုင်ခဲ့တဲ့ BigBang အဖွဲ့ကို စာချုပ်သစ် ထပ်မံ ချုပ်ဆိုလိုက်ရတဲ့အတွက် ကျေနပ်မိပါတယ်။ ဆက်ပြီးတော့လည်း အေဂျင်စီဘက်က K-Pop သမိုင်းမှာ မှတ်ကျောက်တင်ခံရအောင် အစွမ်းကုန် ကူညီထောက်ပံ့ပေးသွားမှာပါ”လို့ ဆိုပါတယ်။
မတ်လ ၁၁ ရက်နေ့မှာ ထွက်ပေါ်လာခဲ့တဲ့ BigBang အဖွဲ့ စာချုပ်သစ် ချုပ်ဆိုတာနဲ့ ပတ်သက်တဲ့ သတင်းတွေမှာ ပရိသတ်တချို့ကတော့ ဒေါသထွက်နေတဲ့ မှတ်ချက်စကားတွေ ရေးသားခဲ့ကြပါတယ်။
အဖွဲ့ဝင်တွေရဲ့ စစ်မှုထမ်းတာဝန်တွေကြောင့် ပရိသတ်နဲ့ ဝေးကွာနေခဲ့ရာက ဇန်နဝါရီလတုန်းကလည်း အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ Coachella Music and Art ပွဲတော်ကြီးမှာ BigBang လည်း ဖျော်ဖြေဖို့ရှိတယ်ဆိုတဲ့ သတင်းကို ပွဲရဲ့တရားဝင် Website မှာ ကြော်ငြာခဲ့တာကြောင့် ကမ္ဘာတလွှားက VIPs ပရိသတ်တွေ ပျော်ရွှင်ခဲ့ကြပါသေးတယ်။
ဒါပေမဲ့လည်း လက်ရှိ ကမ္ဘာတဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အန္တရာယ်ကြောင့် WHO ရဲ့ သတိပေးချက်တွေအရ လူအများပြားနဲ့ ကျင်းပတဲ့ ပွဲတော်တွေကို ရပ်ဆိုင်းထားတာကြောင့် BigBang အဖွဲ့ ပြန်လည်ဖျော်ဖြေမယ့် Coachella Music and Art ပွဲတော်ကြီးလည်း ရက်ရွှေ့ဆိုင်းခဲ့ရပြန်ပါတယ်။
Ref: Soompi
You may also like these stories:
BigBang အဖွဲ့ဝင်ဟောင်း Seungri အတွက် ဖမ်းဝရမ်း ရဲတပ်ဖွဲ့ တောင်းခံ
ဂီတလောကကနေ အနားယူတော့မယ့် BigBang အဖွဲ့ဝင် ဆွန်းလီ
2020 Coachella ဂီတပွဲတော်ကြီးမှာ ပါဝင်ဖျော်ဖြေမယ့် BigBang အဖွဲ့