မတ်လ ၈ ရက်နေ့က နေပြည်တော် ဥပါတသန္တိစေတီ ဗိမာန်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အဆင့် ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့တဲ့ပွဲမှာ မြန်မာနိုင်ငံရဲ့ အလှူရှင် သူဌေးကြီးများ တက်ရောက်လာခဲ့ကြပါတယ်။
ဒီပွဲကတော့ မြန်မာနိုင်ငံတော် အစိုးရက ပေးအပ်တဲ့ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆည်းကပ် လှူဒါန်းတဲ့ပွဲဖြစ်ပြီး သာသနာရေးနဲ့ လူမှုရေးအပိုင်းတွေမှာ ရက်ရက်ရောရော လှူဒါန်းခဲ့ကြတဲ့ အလှူရှင်တွေကို သီဟသုဓမ္မမဏိဇောတဓရနဲ့ သီရိသုဓမ္မသိင်္ဂီ အစရှိတဲ့ ဘွဲ့တွေကို သမ္မတနဲ့ ဇနီး ကိုယ်တိုင် ချီးမြှင့်ပေးအပ်ခဲ့ကြတာပါ။
ဒီအခမ်းအနားကို တက်ရောက်လာခဲ့ကြတဲ့ အလှူရှင်များရဲ့ ပွဲတက်ဝတ်စုံတွေရဲ့ တန်ဖိုးကလည်း ကြားရသူများ အံ့သြသင့်ဖွယ် ကောင်းလောက်အောင် တန်ဖိုးမြင့်မားနေပါတယ်။ ပွဲတက်ဝတ်စုံတွေရဲ့ တန်ဖိုးက မြန်မာငွေ ကျပ်သိန်းသောင်းချီနေတဲ့ အတွက်ကြောင့်ပါ။
အလှူရှင် အမျိုးသားတဦးအတွက် လူငယ် ဒီဇိုင်နာ သျှတရ ဖန်တီးချုပ်လုပ်ပေးထားတဲ့ ပွဲတက်ဝတ်စုံ ၂ စုံကတော့ ဆိုရှယ်မီဒီယာမှာ ပြောစမှတ် တွင်နေတာပါ။ ဘာကြောင့်လဲဆိုတော့ တစုံက မြန်မာကျပ်ငွေသိန်း ၄၀,၀၀၀ ဝန်းကျင် ရှိပြီး၊ တစုံကတော့ မြန်မာကျပ်ငွေသိန်း ၃၆,၀၀၀ ခန့် ရှိနေတာပါ။


ဝတ်စုံတွေကတော့ သာမန်ဝတ်စုံလို့ ထင်ရပေမယ့် မြန်မာလွန်းရာကျော် ကြိုးကြီးချိတ်ပေါ်မှာ ရွှေနဲ့ နီလာကျောက်အစစ်တွေ ထည့်ပေါင်းထားခြင်းနဲ့ ပတ္တမြားနဲ့ ရွှေအစစ်တွေကို ပေါင်းထည့် ချုပ်လုပ်ထားခြင်းတွေကြောင့်လည်း သိန်းသောင်းချီတန်တဲ့ ဝတ်စုံတွေ ဖြစ်လာတာပါ။
ချုပ်လုပ်ပေးခဲ့သူ ဒီဇိုင်နာ သျှတရက သူရဲ့ Facebook စာမျက်နှာမှာ တင်ထားခဲ့တာဖြစ်ပြီး ဒီပို့စ်က အွန်လိုင်းသုံးသူများကြား နာမည်ကြီး ရေပန်းစားနေခဲ့တာပါ။ သျှတရကို ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့ပေမယ့် သျှတရက ပြည်ပခရီးစဉ်တခုကို ရောက်ရှိနေတဲ့အတွက် ဝတ်စုံချုပ်လုပ်မှု အပိုင်းနဲ့ ပတ်သက်လို့ ဖြေကြားထားခြင်း မရှိသေးပါဘူး။ ဒီဝတ်စုံတွေကိုတော့ သီဟသုဓမ္မမဏိဇောတဓရဘွဲ့ ရရှိတဲ့ ကိုချမ်းမြေ့ဆွေက ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။


ကိုချမ်းမြေ့ဆွေ ဝတ်ဆင်ခဲ့တဲ့ မြန်မာဝတ်စုံတွေရဲ့ တန်ဖိုးကို ပြန်တွက်ပြရရင် ရီဟာဇယ် ပထမနေ့မှာ ရွှေများနဲ့ ရက်လုပ်ထားတဲ့ ဒေါင်းပုဆိုးက သိန်း ၂ သောင်းကျော်တန် ဖြစ်ပြီး၊ ရီဟာဇယ် ဒုတိယနေ့မှာဝတ်ဆင်ခဲ့တဲ့ လွန်းရာကျော် ကြိုးကြီးချိတ်ပေါ်မှာ ရွှေနဲ့နီလာ ပေါင်းစပ် ချုပ်လုပ်ထားတာက သိန်း ၄ သောင်း တန်ဖိုးရှိကာ ပွဲနေ့မှာ ဝတ်ဆင်ခဲ့တဲ့ ပတ္တမြားနဲ့ ရွှေအစစ်ကို ပေါင်းစပ်ချုပ်ထားတဲ့ ဝတ်စုံကတော့ သိန်း ၃၆,၀၀၀ တန်ဖိုး ရှိနေတာဖြစ်ပါတယ်။
ဒီလိုမျိုး ဘွဲ့တံဆိပ် ချီးမြှင့်ခြင်းခံရတာဟာလည်း ကိုချမ်းမြေ့ဆွေဟာ သာသနာရေးရာများအတွက် လှူဒါန်းမှုများ သိန်းသောင်းချီ လှူဒါန်းခဲ့တဲ့အတွက်ကြောင့် ချီးမြှင့်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။


မြန်မာအမျိုးသမီးတွေကြားမှာ အားကျနေရတဲ့ သီရိသုဓမ္မသိင်္ဂီဘွဲ့ကို ရရှိခဲ့တဲ့ မပိုးအိဖြူမောင်ရဲ့ ဝတ်စုံနဲ့ ပုဝါမှာလည်း ပြည်တန်ပတ္တမြားတွေနဲ့ ပေါင်းစပ် ချုပ်လုပ်ထားတာပါ။ ငယ်ရွယ် ချောမောလှပပြီး ဒီလို အလှူအတန်းတွေ ပြုလုပ်နိုင်သူဖြစ်တဲ့အတွက် အမျိုးသမီးတွေကြား အားကျခံရနေသူလည်း ဖြစ်ပါတယ်။ ဝတ်စုံတန်ဖိုးကို အတိအကျ မသိရပေမယ့် ပတ္တမြားအရည်အသွေး မနည်းလှတာကြောင့် တန်ဖိုးကြီး ဝတ်စုံထဲမှာ ပါဝင်နေပါတယ်။
“ကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံပြီး ကျက်သရေရှိလှတဲ့ ရွှေအိမ်ကြီးရဲ့အရှင် အလှနတ်သမီးလေး သီဟသုဓမ္မသိင်္ဂီဒေါ်ပိုးအိဖြူမောင် (ချစ်ရတဲ့ မမပိုး) ရဲ့ ဘွဲ့ယူမယ့် ဝတ်စုံလေးကို မေတ္တာ စေတနာများ ပေါင်းစုပီး အလှပေါ်အယဉ်ဆင့်အောင် ဖန်တီးပေးထားပါတယ်။ ကိုယ်ပိုင်အလှနဲ့ ဝင့်ထည်နေတဲ့ မမပိုးကို ကျမရဲ့လက်ရာဝတ်စုံနဲ့ ပေါင်းစပ်သောအခါ” ဆိုပြီး ဝတ်စုံချုပ်လုပ်ပေးခဲ့တဲ့ ဒီဇိုင်နာ ယဉ်သူဆွေက သူရဲ့ Facebook အကောင့်မှာ ရေးသားတင်ထားပါတယ်။
ဒီဇိုင်နာ ယဉ်သူဆွေက ဒီပွဲမှာ တက်ရောက်ပြီး ဘွဲ့ချီးမြှင့်ခံရတဲ့ တခြား အလှူရှင်တော်တော်များများရဲ့ ဝတ်စုံများကိုလည်း ဖန်တီး ချုပ်လုပ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

မန္တလေးမြို့ရဲ့ နာမည်ကြီး “မြင့်မြင့်ခင်” ထိုးမုန့်တိုက်ရဲ့ ပိုင်ရှင် မမြင့်မြင့်ခင်ကလည်း ဘွဲ့တံဆိပ် ချီးမြှင့်ခြင်းခံခဲ့ရပြီး သူ့ကိုတော့ အသက်ငယ်ရွယ်ပြီး လှပ နုပျိုနေတဲ့အတွက် အများက အံ့အားသင့်နေကြတာပါ။ မမြင့်မြင့်ခင်ကတော့ ရိုးရှင်းတဲ့ ဝတ်စုံကို ရွှေနဲ့ ရက်လုပ်ထားတဲ့ ပုဝါကို လွှမ်းခြုံကာ ပွဲတက်ရောက်ခဲ့တာပါ။

ဒီပွဲမှာ သရုပ်ဆောင် မင်းသမီး နန္ဒာလှိုင်ကလည်း သီရိသုဓမ္မသိင်္ဂီဘွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရပြီး ရိုးရှင်းစွာနဲ့ မွန်တိုင်းရင်းသားဝတ်စုံ ဒီဇိုင်းကို ကံ့ကော်ပန်း တပွင့်ပန်ကာ ပွဲတက်ခဲ့တဲ့ သူ့ရဲ့ ပွဲတက်အလှကလည်း အွန်လိုင်းသုံးသူများမှာ ချီးကျူးခံနေရပါတယ်။ နန္ဒာလှိုင်လိုပဲ တခြား အနုပညာရှင်ထဲက သရုပ်ဆောင်ဟောင်း ယမင်းကိုကိုနဲ့ အဆိုတော် ကြာညိုသွယ်တို့ကလည်း ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာက ဖက်ရှင်ပွဲတွေမှာ တန်ဖိုးကြီးဝတ်စုံတွေ ဝတ်စားကြပေမယ့် ဒီဝတ်စုံတွေရဲ့ တန်ဖိုးထက်ကို ပိုပြီးကြီးမား များပြားတဲ့ မြန်မာသူဌေးကြီးတွေရဲ့ ပွဲတက်ဝတ်စုံကတော့ လတ်တလော လူမှုကွန်ရက်မှာ ပြောစမှတ်တွင်ပြီး ရေပန်းစားနေပါတော့တယ်။
You may also like these stories:
သူများနဲ့ ဘယ်တော့မှ မယှဉ်ပြိုင်ဘူးဆိုတဲ့ “Best in Glamour” ဆုရှင် အလှမယ် ဟန်တီ
အသားအရေ လှအောင် ဆုတောင်းပေးတာကို ဝေဖန်ခံနေရတဲ့ ဝင်းမင်းသန်း
ကိုရိုနာဗိုင်းရပ်စ် မြန်မာနိုင်ငံကို ဝင်မလာပါစေနဲ့လို့ ဆုတောင်းနေတဲ့ အောင်ထက်