နာမည်ကျော် ဟောလိဝုဒ်မင်းသား Tom Hanks က သူနဲ့ ဇနီး Rita Wilson တို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
အသက် ၆၃ နှစ်အရွယ် အော်စကာဆုရ မင်းသားကြီးဟာ ဂန္တဝင်အဆိုတော်ကြီး Elvis Presley ရဲ့ ဘဝအကြောင်း ရုပ်ရှင် ဇာတ်အိမ်တည် ရိုက်ကူးနေတဲ့ သြစတြေးလျနိုင်ငံကို လက်ရှိမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။
မင်းသားကြီး Hanks က “ဟယ်လို အပေါင်းအဖော်တို့။ Rita နဲ့ ကျနော်ဟာ သြစတြေးလျနိုင်ငံကို ရောက်ရှိနေပါတယ်။ ကျနော်တို့ အအေးမိပြီး ခန္ဓာကိုယ်ကိုက်ခဲနေသလို ပင်ပန်းနေပါတယ်။ Rita ကတော့ ချမ်းစိမ့်စိမ့်ဖြစ်တာ တက်လိုက်ကျလိုက်နဲ့ပါပဲ။ အဖျားလည်း နည်းနည်းရှိနေပါတယ်။ ကမ္ဘာပေါ်မှာအဲ့ဒီလိုဖြစ်ရင် လုပ်ဖို့ လိုအပ်သလို ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးကြည့်လိုက်တော့ ပိုးရှိနေတယ်လို့ အဖြေထွက်ပါတယ်” လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် သူတို့ စုံတွဲနှစ်ဦးဟာ ပြည်သူ့ကျန်းမာရေးနဲ့ဘေးကင်းလုံခြုံရေးအတွက် လိုအပ်နေတဲ့ အချိန်အထိ ဆေးစစ်တာ၊ စမ်းသပ်တာနဲ့ သီးခြားခွဲနေမှာ ဖြစ်တဲ့အကြောင်းလည်း မင်းသားကြီးက ဆိုပါတယ်။
မင်းသားကြီးဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက နာမည်ကျော်ကြားခဲ့တဲ့ အဆိုတော်ကြီး Presley ရဲ့ မန်နေဂျာ Colonel Tom Parker အဖြစ် သရုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ဒါရိုက်တာ Baz Luhrmann ရိုက်ကူးမယ့် အဲ့ဒီရုပ်ရှင်ရဲ့ ထုတ်လုပ်ရေး လုပ်ငန်းတွေကို လာမယ့် မတ်လ ၁၆ ရက်နေ့မှာ စတင်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
အဲ့ဒီရုပ်ရှင် ထုတ်လုပ်ရေးဖြစ်တဲ့ Warner Bros က “ကျနော်တို့ ကုမ္ပဏီအဖွဲ့ဝင်တွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးဟာ ကျနော်တို့ရဲ့ ထိပ်တန်းဦးစားပေးဖြစ်ပြီး ကမ္ဘာတဝန်းမှာရှိတဲ့ ကျနော်တို့ရဲ့ ထုတ်လုပ်ရေး လုပ်ငန်းတွေအတွက် အလုပ်လုပ်ကိုင်နေကြတဲ့ လူတိုင်းကို ကာကွယ်ဖို့ ကြိုတင်သတိပြု ရှောင်ကြဉ်ဖွယ်ရာတွေကို လုပ်ဆောင်နေပါတယ်” လို့ ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။ သြစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂၀ ကျော် ရှိနေပါတယ်။
Ref: nytimes