Entertainment

လိင်အကြမ်းဖက်မှု၊ မုဒိမ်းမှုတို့နဲ့ Harvey Weinstein ထောင် ၂၃ နှစ်ကျ

Want create site? Find Free WordPress Themes and plugins.

နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်သူဟောင်း Harvey Weinstein ဟာ ပြီးခဲ့တဲ့လမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ မုဒိမ်းမှုတွေကို ဝန်ခံခဲ့ပြီးတဲ့နောက် မတ်လ ၁၁ ရက်နေ့မှာပဲ ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံရတယ်လို့ သိရပါတယ်။

အဲ့ဒီ ထောင်ဒဏ်ကို Weinstein ရဲ့ အမှုအတွက် ကြီးကြပ်နေတဲ့ တရားသူကြီး James Burke က Manhattan ရာဇဝတ်မှု တရားရုံးမှာ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ တုန်းကတော့ အသက် ၆၇ နှစ်အရွယ် Weinstein ဟာ ထုတ်လုပ်ရေးဆိုင်ရာ လက်ထောက်ဟောင်း Mimi Haleyi ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့ပြီး မင်းသမီး Jessica Mann ကို မုဒိမ်းကျင့်ခဲ့တာ ပြစ်မှု ထင်ရှားတယ်လို့ ဂျူရီတဦးက ဆုံးဖြတ်ခဲ့တာပါ။

တချိန်တုန်းက ဟောလိဝုဒ်မှာ လွှမ်းမိုးမှု အရှိဆုံး ထုတ်လုပ်သူတယောက်ဖြစ်ခဲ့တဲ့ Weinstein ဟာ အမြင့်ဆုံး ထောင်ဒဏ် ၂၃ နှစ်အထိ ကျခံရဖို့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပြစ်ဒဏ် ချမှတ်ချိန် ကြားနာမှုအတွင်းမှာ အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားတဲ့ Weinstein နဲ့အတူ သူ့ကို စွဲဆိုချက် ပေးထားတဲ့ အမျိုးသမီး ၆ ယောက်လည်း လာရောက်ကြားနာခဲ့တာကို တွေ့ရပါတယ်။

တရားရုံးမှာ ပြောကြားခဲ့တဲ့ ထုတ်ပြန်ချက်ထဲမှာ Haleyi က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံခဲ့ရပြီးတဲ့နောက် ရရှိခဲ့တဲ့ စိတ်ဒဏ်ရာအကြောင်း ပြောဆိုခဲ့ပါတယ်။ “ကျမကို စိတ်ပိုင်းဆိုင်ရာအရ နက်နက်ရှိုင်းရှိုင်း ခြောက်လှန့်နေပါတယ်။ အဲ့ဒါက အမြဲတမ်းလည်း ဖြစ်သွားနိုင်ပါတယ်”လို့ Haleyi က ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ အခုလိုမျိုး အပြစ်ဒဏ် ချမှတ်မှုဟာ Weinstein ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို သာမက တခြားသူတွေအပေါ် အကြမ်းဖက်တဲ့သူတွေအတွက် ဘဝကိုလည်း ရောင်ပြန်ဟပ်သင့်ပါတယ်လို့ အစိုးရရှေ့နေတွေက ပြောဆိုထားပါတယ်။

နာမည်ကျော် မင်းသမီးတွေအပါအဝင် အမျိုးသမီး ၁၀၀ ကျော်လောက်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ သူတို့အပေါ် Weinstein က လိင်ပိုင်းဆိုင်ရာ မလျော်မကန်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲထားပြီး အနုပညာ လုပ်ငန်းထဲမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အလွဲသုံးစားပြုမှုကို ဆန့်ကျင်တဲ့ #MeToo လှုပ်ရှားမှုကို အင်အား ကောင်းလာစေခဲ့ပါတယ်။

Weinstein ကတော့ အဲ့ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး နှစ်ဦးနှစ်ဖက် သဘောတူလို့ လိင်ဆက်ဆံခဲ့တာပဲ ရှိတယ်လို့ ဆိုပါတယ်။

အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၅ ဦး တို့ပါဝင်တဲ့ ဂျူရီအဖွဲ့ကတော့ ပထမအဆင့် မုဒိမ်းမှု၊ ထောင်ဒဏ် တသက်တကျွန်းအထိ ကျခံနိုင်ရချေရှိတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နှစ်ခုနဲ့ စွဲချက်တင်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီစွဲချက်တွေဟာ ၁၉၉၀ ပြည့်လွန်နှစ်အစောပိုင်းတွေမှာ Weinstein ရဲ့ မုဒိမ်းကျင့်မှုကို ခံခဲ့ရတယ်လို့ဆိုတဲ့ မင်းသမီး Annabella Sciorra ရဲ့ ထွက်ဆိုချက်ကို အခြေခံထားတာလည်း ဖြစ်ပါတယ်။

Weinstein ရဲ့ ရှေ့နေတွေကတော့ ထောင်ဒဏ် နှစ်ရှည်ကျခံရမှုအတွင်း သူဟာ ထောင်ထဲမှာပဲ သေဆုံး သွားနိုင်မှုနဲ့ Weinstein ရဲ့ ပရဟိတလုပ်ငန်းတွေကို ထည့်သွင်းစဉ်းစားပြီး ဖြစ်နိုင်ရင် ထောင်ဒဏ် ၅ နှစ်သာ ချမှတ်ပေးဖို့ တရားသူကြီး Burke ထံ တောင်းဆိုခဲ့ကြတာပါ။

Weinstein ဟာ ဟောလိဝုဒ်မှာ နာမည်ကျော်ကြားသူတဦးနဲ့ ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းတွေကို ထောက်ပံ့ပေ့းသူလည်း ဖြစ်ပါတယ်။ သူဟာ “Shakespeare in Love” ရုပ်ရှင်နဲ့ အော်စကာဆု ရရှိခဲ့ပြီး “Pulp Fiction”, “The English Patient” နဲ့ “Gangs of New York” တို့လိုမျိုး ကမ္ဘာကျော် ရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။

Ref:Reuters

You may also like these stories:

ရုပ်ရှင်ထုတ်လုပ်သူ Harvey Weinstein ကို မုဒိမ်းမှုဖြင့် စွဲချက်တင်မည်

Harvey Weinstein ရဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုခံခဲ့ရတယ်လို့ မင်းသမီး Cate Blanchett ပြော

Harvey Weinstein လိင်အရှုပ်တော်ပုံအကြောင်း ရုပ်ရှင်ရိုက်ကူးမည်

Did you find apk for android? You can find new Free Android Games and apps.
Loading