ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က နိုင်ငံကျော် တယော ပညာရှင် ဦးတင်ရီ ဆုံးပါးသွားခဲ့ပြီး၊ သူ မဆုံးခင်က မှာကြားခဲ့တဲ့ အကြောင်းအရာတွေကို ဇနီး ဒေါ်အေးအေးထိန်က ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“အဘ (ဦးတင်ရီ) က သူ မဆုံးခင်က ငါသေရင် ငါ့ကို တယောထိုးပြီး ဂူသွင်းပါ။ မီးမသင်္ဂြိုဟ်ပါနဲ့လို့ မှာထားတယ်။ မှာကြားခဲ့တာ ထွေထွေထူထူးတော့ မရှိဘူး။ သူမှာ ရွှေဓာတ်လုံးလေး ရှိတယ်။ အဲ့ဒါလေးကို ဘုရားဌာပနာထဲ ထည့်ပါ။ သူ့တယောလေးတော့ သိမ်းထားလို့ ပြောခဲ့တယ်”လို့ ဦးတင်ရီရဲ့ ဇနီးဖြစ်သူ ဒေါ်အေးအေးထိန်က ဧရာဝတီ ပြောပါတယ်။
တယော ဦးတင်ရီ ဆေးရုံ တက်ရပြီး အသက်ရှိစဉ်အခါက ကုသနေရတဲ့ သူ့ရဲ့ ကျန်းမာရေး အခြေအနေ အကြောင်းကိုလည်း ဇနီးဖြစ်သူက အခုလိုပဲ ဆိုပါတယ်။
“အဘက အရင် နှလုံးသွေးကြော ၂ ခါလောက် ပိတ်ဖူးတယ်။ အဲ့ရောဂါလည်း အခံရှိပြီး နောက်တခု အဆုတ်မှာ ကင်ဆာဆဲလ် ပြီးခဲ့တဲ့ ၂ နှစ်က တွေ့တယ်။ ဓာတ်တွေ ကင်ရတယ်။ ကုသတော့ ကောင်းတယ်။ လန်းလန်းဆန်းဆန်းပဲ။ သွားချင်တဲ့ ခရီးတွေလည်း သွားတယ်။ တချက်မှလည်း မနားဘူး။ မောမှသာ နားတာ”
“အဘက ဆေးရုံကို ၂ ရက်ပဲ တက်လိုက်ရတယ်။ ဆီးချိုက ၅၀၀ ထိ တက်သွားတယ်။ သတိလစ်နေတာ။ နှလုံးကိုလည်း စက်နဲ့လည်တဲ့ အားပဲ ရှိတော့တယ်။ ၁၀ နာရီ ၄၅ လောက်မှာ နှလုံးက ရပ်သွားတယ်။ အခု ၁၀ ရက်နေ့ဆို ကလောသွားပြီး ပညာဒါနလုပ်ဖို့ စီစဉ်ထားတာ။ အခုတော့ အဘက မသွားလိုက်ရဘူး။ ကျမကပဲ အဘကို အနီးကပ် ပြုစုခဲ့တာပေါ့”လို့ ဒေါ်အေးအေးထိန်က ပြောပါတယ်။
တယော ဦးတင်ရီ ကွယ်လွန်သွားပေမယ့် တယောသင်တန်းတွေကို ဇနီးဖြစ်သူ ဒေါ်အေးအေးထိန်က သင်္ကြန်ပြီးရင် ကိုယ်တိုင်ပဲ ဆက်လက် ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။
“တချိန်လုံး အလုပ်တွေပဲ ခေါင်းထဲထည့်နေတာ။ အခုတော့ သူ ငြိမ်းချမ်းသွားတယ်။ သူ အမြဲပြောနေကျ စကားက ကိုယ်လုပ်နေကျ အလုပ်ကို တစိုက်မတ်မတ် ကြိုးစားရင် တနေ့မှာ နေရာတနေရာ ရလာပါလိမ့်မယ်လို့ အမြဲပြောပါတယ်။ အဘက အဝတ်အထည်တွေကို မရှိ ဆင်းရဲသားကို လှူပါ၊ မချန်ထားနဲ့လို့ မှာတယ်။ သူရေးခဲ့တဲ့ သီချင်းတွေကို အကောင်အထည်ဖော်အောင် ဆက်လုပ်သွားမယ်”
“အဘက တယောပညာဒါန အလှူလေး လုပ်ချင်တာကိုတော့ ဝိုင်းပြီးတော့ လုပ်ကြမယ်လို့ အဘတပည့်တွေနဲ့ တိုင်ပင်ထားတယ်။ လက်ရှိ သင်တန်းတွေတော့ ရပ်ထားတယ်။ သင်္ကြန်ပြီးရင် ကျမကိုယ်တိုင်ပဲ ဆက်လုပ်သွားမယ်။ ကျမလည်း တယောထိုးတတ်တော့ ဆက်ဆက် လုပ်ကိုင်သွားမယ်။ အခုလို တယောပညာရှင် ဆုံးရှုံးသွားတော့ နှမြောမှုကတော့ အတိုင်းအဆ မရှိဘူးပေါ့။ သူ့ဖန်တီးမှုတွေ သူ့လက်သံတွေတော့ မကြားရတော့ဘူး”လို့ ဒေါ်အေးအေးထိန်က ပြောပါတယ်။
တယောဦးတင်ရီဟာ ၁၉၈၃ ခုနှစ်ဝန်းကျင်က မြန်မာခေတ်ဟောင်း သီချင်းကြီးများကို တီးခတ်ထားတဲ့ Instrument တေးစီးရီးခွေ “မြန်မာသီချင်းများရဲ့ တယောသံဆန်းများ” နဲ့ ၁၉၉၈ ခုနှစ်ဝန်းကျင်က “တယောသမားတီးတဲ့ ရွှေအိုးစည်” ဆိုတဲ့ မြန်မာ့ရိုးရာ ကျေးလက် တေးသီချင်းများကို တီးခတ်ထားတဲ့ Instrument တေးစီးရီးခွေ တို့ကို ထုတ်ဝေခဲ့ပါတယ်။
၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ တယော ဦးတင်ရီဟာ ကွယ်လွန်ချိန်မှာတော့ အသက် ၇၉ နှစ် အရွယ် ရှိပြီ ဖြစ်ပါတယ်။ ဦးတင်ရီရဲ့ ကျန်ရှိ ရုပ်အလောင်းအား ဂူသွင်းခြင်း အခမ်းအနားကို မတ်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ဆက်စပ် ဖတ်ရှုရန် သတင်းလင့်ခ်
မြန်မာနိုင်ငံရဲ့ ဂန္ထဝင် တယော ဂီတပညာရှင်ကြီး ဦးတင်ရီ ကွယ်လွန်