ကမ္ဘာကျော် ကာတွန်းရုပ်ရှင်ကို ပြန်လည်အသက်သွင်းထားတဲ့ “Mulan” ရုပ်ရှင်ကို လာမယ့် မတ်လ ၂၇ ရက်နေ့မှာ ရုံတင်ဖို့ ပြင်ဆင်ထားပေမယ့် Disney က ကိုရိုနာဗိုင်းရပ်စ် ဂယက်တွေကြောင့် မကြာမီရုံတင်မယ့် သူတို့ရဲ့ ရုပ်ရှင်အားလုံးကို ရွှေ့ဆိုင်းလိုက်ပြီလို့ သိရပါတယ်။
Disney ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ Mulan, The New Mutants နဲ့ Antlers ရုပ်ရှင်တွေ ပြသမယ့်ရက်ကို သတိပေးချက်တွေကြောင့် ရွှေ့ဆိုင်းလိုက်ပြီလို့ ဖော်ပြထားပါတယ်။ စတူဒီယိုအနေနဲ့ကတော့ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ရက်အသစ် ပြန်လည် ပြသမယ့် အစီအစဉ်ကို နောက်ပိုင်းမှာ ကြေညာပေးသွားမယ်လို့လည်း ဆိုပါတယ်။
နောက်ထပ် ဟောလိဝုဒ် စတူဒီယိုကြီးတွေကလည်း ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် ရုပ်ရှင်ရုံအတွင်းမှာ လူစုလူဝေးဖြစ်တာကို ရှောင်ရှာဖိုး မကြာမီ ရုံတင်ဖို့ရှိတဲ့ သူတို့ရဲ့ ရုပ်ရှင်တွေကို ရွှေ့ဆိုင်းလိုက်ကြပါတယ်။ လေ့လာသူတွေရဲ့အဆိုအရ အဲ့ဒီလိုရွှေ့ဆိုင်းမှုကြောင့် ကမ္ဘာတဝန်းမှာရှိတဲ့ ရုပ်ရှင်ဈေးကွက်တွေမှာ ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ဆုံးရှုံးနိုင်ချေရှိတယ်လို့လည်း သတိပေးထားပါတယ်။
Disney နည်းတူ နောက်ထပ်ပြသမယ့် ရုပ်ရှင်ကို ရွှေ့ဆိုင်းလိုက်တဲ့ စတူဒီယိုကတော့ Universal Pictures ဖြစ်ပါတယ်။ လူအများစိတ်ဝင်စားနေတဲ့ “Fast and Furious” ရုပ်ရှင်ရဲ့ ၉ ခုမြောက် ဇာတ်လမ်းကို ၂၀၂၀ ပြည့်နှစ် မေလ ၂၂ ရက်နေ့မှာ ရုံတင်မယ့်အစား ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ ရောက်မှပဲ ရုံတင်တော့မှာ ဖြစ်ပါတယ်။
“Mulan” ရုပ်ရှင်ဟာ အခုနှစ်အတွင်းမှာ Disney အတွက် ဝင်ငွေအမြင့်ဆုံး ရရှိလာမယ့် ရုပ်ရှင်တကားလို့ ခန့်မှန်းထားကြပြီး အထူးသဖြင့် ရုပ်ရှင်ရုံတွေကို ပိတ်ထားတဲ့ တရုတ်နိုင်ငံမှာ အထူးအောင်မြင်မှာ ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။ Universal ရဲ့ “Fast and Furious” ရုပ်ရှင်တွေဟာလည်း နိုင်ငံတကာမှာ ဝင်ငွေကောင်းခဲ့တဲ့ ဇာတ်လမ်းတွေ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကို ရပ်တန့်စေဖို့ ကြိုးပမ်းတဲ့အနေနဲ့ ကမ္ဘာတဝန်း အထူးသဖြင့် တရုတ်နိုင်ငံမှာ ရုပ်ရှင်ရုံ တော်တော်များများကို ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံလိုမျိုး ဈေးကွက်တွေမှာ ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ကျော်လွှားဖို့ ရုပ်ရှင်ချစ်ပရိသတ်တွေကို အိမ်ထဲမှာပဲ နေကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။
မကြာမီ ပြသဖို့ စီစဉ်ထားတဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်အသစ် “No Time To Die” ကိုလည်း လာမယ့်နိုဝင်ဘာလအထိ ရက်ရွှေ့ဆိုင်းသွားပါမယ်။ အော်စကာဆု ရုပ်ရှင်တွေဖြစ်တဲ့ 1917, Jojo Rabit နဲ့ Little Women ရုပ်ရှင်တွေကို တရုတ်ဈေးကွက်မှာ ပြသမယ့်ရက် အစီအစ်တွေကိုလည်း ပယ်ဖျက်လိုက်ပြီး ဖြစ်ပါတယ်။
ဗိုင်းရပ်စ် ဂယက်ကြောင့် ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းတွေကို စတူဒီယိုအချို့က ရပ်ဆိုင်းလိုက်ပါတယ်။ Paramount ရုပ်ရှင်ထုတ်လုပ်ရေးက အီတလီနိုင်ငံမှာ ပြုလုပ်မယ့် “Mission: Impossible” ရုပ်ရှင်ထုတ်လုပ်ရေးကို ရွှေ့ဆိုင်းလိုက်ပါတယ်။
Ref: axios
You may also like these stories:
Voldemort ရုပ်ရှင် ထုတ်လုပ်ဖို့ Warner Bros. ပြင်ဆင်နေပြီ
မင်းသား Tom Hanks နဲ့ ဇနီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
လိင်အကြမ်းဖက်မှု၊ မုဒိမ်းမှုတို့နဲ့ Harvey Weinstein ထောင် ၂၃ နှစ်ကျ