အဆိုတော် စလင်းဒီယွန်ရဲ့ ပရိသတ်တွေအတွက် သတင်းကောင်းနဲ့ သတင်းဆိုး နှစ်ခုလုံး ထွက်ပေါ်လာပါတယ်။ အဆိုတော် စလင်းဟာ မကြာသေးခင်တုန်းက အအေးမိဝေဒနာကို ခံစားခဲ့ရတာကြောင့် ကိုရိုနာဗိုင်းရပ်စ်လို့ လူသိများတဲ့ COVID-19 ရှိ၊ မရှိ စမ်းသပ်စစ်ဆေးခဲ့ရပါတယ်။ စမ်းသပ်မှုရလဒ်အရ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာမျိုး မရှိပေမယ့် အဆိုတော်ဟာ လာမယ့် မတ်လနဲ့ ဧပြီလမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲတွေကို ရွှေ့ဆိုင်းထားမှာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့တုန်းက စလင်းရဲ့ Facebook စာမျက်နှာမှာ “တနင်္လာနေ့ (မတ်လ ၉ ရက်နေ့) ညတုန်းက နယူးယောက်ဒေသမှာ ဖျော်ဖြေပွဲ ၆ ပွဲပြုလုပ်ပြီးတဲ့နောက် စလင်းဟာ ပုံမှန် အအေးမိ လက္ခဏာတွေကို ခံစားခဲ့ရပါတယ်။ အဲ့ဒီရောဂါ လက္ခဏာတွေဟာ နောက်တရက်အထိ ဖြစ်ပေါ်နေခဲ့တာကြောင့် ဆရာဝန်က နောက်ထပ် ၅ ရက်ကနေ ၇ ရက်အထိ နားဖို့ အကြံပေးခဲ့ပါတယ်” လို့ ထုတ်ပြန်စာကို ဖော်ပြခဲ့ပါတယ်။
စမ်းသပ်မှုတွေလုပ်ဆောင်ခဲ့ပြီးတဲ့နောက် စလင်းဟာ COVID-19 ကူးစက်ခံရတာ မဟုတ်ဘူးလို့ တွေ့ရှိခဲ့ရပါတယ်။ အဆိုတော် စလင်းက “ဝါရှင်တန်ဒီစီနဲ့ ပစ်ဘာ့ဂ်မှာရှိတဲ့ ကျမရဲ့ ပရိသတ်တွေကို စိတ်ပျက်စေခဲ့မိတဲ့ အတွက် ကျမ တောင်းပန်ပါတယ်။ လူတိုင်းနားလည်ကြလိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
အအေးမိဝေဒနာကို ခံစားခဲ့ရပြီးတဲ့နောက် စလင်းဟာ သူ့ရဲ့ Courage ကမ္ဘာလှည့်ဖျော်ဖြေပွဲထဲက ပွဲစဉ် ၂ ပွဲကို ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။ ကနဦးကြေညာချက်မှာတော့ ဖျော်ဖြေပွဲတွေကို လာမယ့် မတ်လ ၂၄ ရက်နေ့မှာ ပြန်လည် စတင်ဖို့ ခန့်မှန်းထားပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းလိုက်ရတဲ့အထိ ဖြစ်သွားစေခဲ့ပါတယ်။
ဖျက်သိမ်း ရွှေ့ဆိုင်းလိုက်တဲ့ စလင်းဒီယွန်ရဲ့ ဖျော်ဖြေပွဲတွေကို အခုနှစ် နှောင်းပိုင်းမှာ ပြန်လည် ကျင်းပပေးဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ ဂီတလောကအတွင်းမှာလည်း ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် ကမ္ဘာကျော်အဆိုတော် အချို့ရဲ့ နယ်လှည့် ဖျော်ဖြေပွဲတွေကိုလည်း ရွှေ့ဆိုင်း ဖျက်သိမ်းရတာတွေ ရှိနေပါတယ်။
Ref: etcanada
You may also like these stories:
အယ်လ်ဘမ်အသစ်ဖြန့်ချိပြီး နယ်လှည့်ဖျော်ဖြေပွဲပြုလုပ်မယ့် ဂျက်စတင်ဘီဘာ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယား ရုပ်ရှင်ရုံတွေမှာ လူမရှိ ဖြစ်နေ
မင်းသား Orlando Bloom နဲ့ ပထမဆုံး ရင်သွေးလေး လွယ်ထားရပြီဖြစ်တဲ့ Katy Perry