အလှူရှင် အမျိုးသားတဦးအတွက် ဒီဇိုင်နာ သျှတ္တရ ဖန်တီးချုပ်လုပ်ပေးထားတဲ့ ပွဲတက်ဝတ်စုံ ၂ စုံကတော့ သိန်းသောင်းချီတန် ကျောက်မျက်ရတနာတွေနဲ့ စီခြယ်ထားပြီး ဆိုရှယ်မီဒီယာမှာ ပြောစမှတ် တွင်နေပါတယ်။
အဆိုပါ ဝတ်စုံတွေမှာ အသုံးပြုထားတဲ့ ကျောက်မျက်ရတနာတွေရဲ့ တန်ဖိုးကတော့ မြန်မာငွေ သိန်း ၄၀,၀၀၀ ဝန်းကျင်နဲ့ သိန်း ၃၆,၀၀၀ နီးပါး တန်ဖိုးရှိတဲ့ ပြည်တန် ပတ္တမြားတွေကို သုံးထားပါတယ်။ အဲဒီ ဝတ်စုံတွေနဲ့ ပတ်သက်ပြီး ဖန်တီးဖြစ်ပုံကို ဒီဇိုင်နာ သျှတ္တရက အခုလိုပဲ ပြောပါတယ်။
“ကျနော်နဲ့ ကိုချမ်းမြေ့က အခုမှ မဟုတ်ဘူး၊ အရင်ကတည်းက ခင်တာ။ ဒီပွဲအတွက် ချုပ်ပေးပါ ပြောတော့ ချုပ်ပေးတာပေါ့။ ကျောက်မျက်ရတနာတွေနဲ့ ချုပ်ရတာ တကယ့်ကို တာဝန်ကြီးတယ်။ ကိုချမ်းမြေ့က ကျောက်မျက်ရတနာတွေနဲ့ ဝတ်ချင်တယ်ပေါ့။ ဒီလိုပွဲမျိုးဆိုတာကလည်း ရှားရှားပါးလေ။ တကယ့်ကို ချမ်းသာပြီး လှူနိုင်တန်းနိုင်တဲ့သူမှရတာ၊ ကျောက်မျက်ရတနာတွေနဲ့ ဝတ်ချင်တယ်ဆိုတော့ ကျနော်တို့ သေချာလေးဖန်တီးကြမယ်ပေါ့”

“ကျနော်ကလည်း ဘယ်လိုကျောက်မျိုး သုံးမလဲ ဆိုတော့ ပတ္တမြားရယ်၊ နီလာရယ်၊ မြရယ် ၃ မျိုး သုံးမယ်။ ၃ စုံဆိုတော့ ကျနော်ကလည်း ရတယ်ပေါ့။ ဒီလောက်ကျောက် အကြီးကြီးတွေ ပေးမယ်လည်း မထင်ဘူး။ ဒီလောက်တန်ဖိုးကြီးမယ်လည်း မထင်ဘူး။ ကျနော်တို့ သေချာလေး ဂရုစိုက်ပြီး လုပ်ရတာ။ ကျနော်တို့ အရင်ကဆိုရင် အချိန်ယူပြီး ထိုးတာ။ ဒီဟာတော့ ပျောက်မှာ ဆိုးလို့ မြန်မြန်ထိုးရတယ်။ တပတ်နဲ့အပြီး ထိုးရတယ်။ ကျနော်တို့ အတွက် အရမ်းပင်ပန်းခက်ခဲတယ်။ အရမ်းဂရုစိုက်ပြီး လုပ်ရပါတယ်”လို့ ဒီဇိုင်နာ သျှတ္တရက ပြောပါတယ်။
မြန်မာနိုင်ငံက ရတနာတွေကို မြန်မာနိုင်ငံက သူဌေးတွေ ဝတ်တာ ဂုဏ်ယူတယ် ဆိုတဲ့ ဒီဇိုင်နာ သျှတ္တရက တန်ဖိုးကြီး ဝတ်စုံကို ဖန်တီးရတဲ့အတွက်လည်း အရမ်း ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

“ကျနော့် အနေနဲ့ အခုလို တန်ဖိုးကြီး ဝတ်စုံကို ဖန်တီးရတဲ့အတွက် အရမ်းဂုဏ်ယူတယ်။ ခေတ်အဆက်အဆက်က ဘုရင်တွေ၊ သူဌေးတွေ၊ သူကြွယ်တွေက ရတနာအစစ်ကိုပဲ ဝတ်ဆင်ခဲ့တာဆိုတော့ ကျနော်တို့ မြန်မာမှုကို ပြန်ပြီး ဖန်တီးရတာပေါ့။ ပွဲပြီးတာနဲ့ ပြန်ဖြုတ်ရင်တော့ ဖန်တီးတဲ့ သူအနေနဲ့ နှမြောတာပေါ့။ ကိုချမ်းမြေ့တို့ကတော့ မလိုအပ်သရွေ့တော့ သိမ်းထားမယ်လို့ပြောတော့ အရမ်းပီတိဖြစ်ရတယ်”
“အခုလို မြန်မာနိုင်ငံက ရတနာတွေကို မြန်မာ နိုင်ငံက သူဌေးတွေ ဝတ်တာကိုပဲ ကိုယ်တွေက ဂုဏ်ယူနေရပြီ။ တခြားနိုင်ငံက သူဌေး ဝတ်ထားမျိုးဆိုတာထက် ကိုယ့်နိုင်ငံက သူဌေးဝတ်တာကို ပိုဂုဏ်ယူပါတယ်”လို့ ဒီဇိုင်နာ သျှတ္တရက ပြောပါတယ်။
မတ်လ ၈ ရက်နေ့က နေပြည်တော် ဥပါတသန္တိစေတီ ဗိမာန်တော်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အဆင့် ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့တဲ့ပွဲကို မြန်မာနိုင်ငံက အလှူရှင် သူဌေးကြီးများ တက်ရောက်ခဲ့ကြပြီး ဒီပွဲမှာ မြန်မာနိုင်ငံတော် အစိုးရကနေ အလှူရှင်များကို သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ပေးအပ်ခဲ့ပါတယ်။
သာသနာရေးနဲ့ လူမှုရေးအပိုင်းတွေမှာ လှူဒါန်းခဲ့ကြတဲ့ အလှူရှင်တွေကို သီဟသုဓမ္မမဏိဇောတဓရနဲ့ သီရိသုဓမ္မသိင်္ဂီ အစရှိတဲ့ ဘွဲ့တွေကို နိုင်ငံတော် သမ္မတနဲ့ ဇနီး ကိုယ်တိုင် ချီးမြှင့်ပေးအပ်ခဲ့ကြပါတယ်။
ဆက်စပ်ဖတ်ရှုရန်
လူပြောများနေတဲ့ မြန်မာသူဌေးတို့ရဲ့ သိန်းသောင်းချီတန် ပွဲတက်ဖက်ရှင်များ