သရုပ်ဆောင် မိုးအောင်ရင်အား ရည်းစားဟောင်းဖြစ်သူမှ ဥပဒေပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုထားတဲ့ အမှုကိုတော့ လက်ရှိ အချိန်မှာ တရားလို ဘက်အခြမ်းကို စစ်ဆေးပြီးဖြစ်ပြီး နောက်တကြိမ် ရုံးချိန်းမှာတော့ မိုးအောင်ရင်အား စွဲချက် တင်၊ မတင် အမိန့်ချမှတ်သွားမယ်လို့ ရန်ကင်းမြို့နယ် တရားရုံးမှ ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။
“ဒီနေ့ ရုံးချိန်းကတော့ ၉ ကြိမ်မြောက် ရုံးချိန်း ဖြစ်ပါတယ်။ ဒီနေ့မှာ တရားလိုပြသက်သေ ဦးကြည်ဝင်းကို စစ်ခဲ့ပါတယ်။ တရားလို အပါအဝင် တရားလိုပြသက်သေ ၅ ယောက်ကို စစ်ဆေးပြီးတာဖြစ်တဲ့အတွက် စွဲချက် တင်သင့်၊ မတင်သင့်ကိုတော့ နှစ်ဖက်ရှေ့နေတွေက လျှောက်လဲချက် ပေးပါတယ်။ စွဲချက်တင်မယ့် အမိန့်ကိုတော့ ၁၉ ရက်နေ့မှာ အမိန့်ချမှာ ဖြစ်ပါတယ်”လို့ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။
စွဲချက်တင်တဲ့အပေါ် မူတည်ပြီး အမှုကို ဆက်စစ်၊ မစစ် ဆုံးဖြတ်မှာဖြစ်ပြီး စွဲချက်တင်ခြင်း အမိန့် မကျပါက မိုးအောင်ရင်ကို တရားရှင်လွှတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
“အမှုစစ်တရားသူကြီးက စွဲချက်တင်သင့်တဲ့ ပြစ်မှုအင်္ဂါရပ်တွေနဲ့ ပြည့်စုံတယ်လို့ ယူဆရင် မိုးအောင်ရင်အပေါ်မှာ စွဲချက်တင်ပါလိမ့်မယ်။ စွဲချက်တင်ပြီးတော့မှ အမှုကို ဆက်စစ်၊ မစစ် စွဲချက်တင်တဲ့အပေါ် မူတည်ပါတယ်။ စွဲချက်တင်တဲ့ အမိန့်ချရင် သူ့ကို ဆက်စစ်မယ်။ အမိန့်မကျရင်တော့ သူ့ကို တရားရှင်လွှတ်ပါမယ်”လို့ ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ တရားလိုဖြစ်သူ ခင်မြတ်နိုးဘက်မှ တရားလိုပြသက်သေ ၅ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ပြီး စွပ်စွဲခံရသူ မိုးအောင်ရင်ရဲ့ ရှေ့နေမှ သူတို့ ၂ ဦးကို အကြင်လင်မယား မြောက်ပြီးသားလို့ ပြောတာနဲ့ ပတ်သက်ပြီးတော့လည်း ခင်မြတ်နိုးက အခုလို ပြောပါတယ်။
“ပုဆိုးတန်းတင် အကြင်လင်မယားအရာ မြောက်တယ်ဆိုတာကို သိပေမယ့် တရားရုံးမှာ ဖြေရှင်းတဲ့အခါ စာချုပ်စာတမ်းနဲ့ပဲ ဖြေရှင်းလို့ရတယ် ထင်ခဲ့တာလေ။ အခုတော့ သင်ခန်းစာတခု ရတာပေါ့” လို့ ခင်မြတ်နိုးက ပြောပါတယ်။
ဆက်လက်ပြီး ခင်မြတ်နိုးက “ပေါင်းသင်းနေထိုင်တယ်ဆိုရင် အခုအချိန်ထိ ကျမ သူ့အိမ်မှာ ရှိနေရမှာလေ။ သူတို့ဘာလို့ အိမ်ပေါ်က နှင်ချခဲ့လဲ။ အဖြေကတော့ ရှင်းရှင်းလေးပါ။ ဧည့်ခံပွဲသွားရင်လည်း ဒါကျနော့် မိန်းမပါ။ ကျနော်တရားဝင် ယူထားတဲ့မိန်းမပါလို့ မိတ်ဆက်ပေးထားတာလည်း မရှိဘူး။ သမီးရည်းစားအနေနဲ့ပဲ သွားတာပါ” လို့ ပြောပါတယ်။
မိုးအောင်ရင်ဘက်မှလည်း ထွက်ဆိုချက်များကို အမှန်အတိုင်းထွက်ဆိုခဲ့တဲ့အတွက် ကျေနပ်မှုရှိပြီး နောက်ရုံးချိန်းမှာ အမိန့်ချမှာဖြစ်တဲ့အတွက်လည်း အမှန်အတိုင်းဖြစ်မယ်ထင်တယ်လို့ ဆိုပါတယ်။
“သူက အမှန်အတိုင်းဖြစ်ကြောင်းကုန်စင် ထွက်ဆိုသွားတယ်ဆိုတော့ ကျေနပ်ပါတယ်။ နောက်ရုံးချိန်းမှာ စွဲချက်တင်မယ်၊ မတင်ဘူးဆိုတာကို အမိန့်ချမှာ စောင့်ကြည့်ရမှာပေါ့။ အမှန်အတိုင်းပဲဖြစ်မယ် ထင်ပါတယ်” လို့ ခင်မြတ်နိုးက ပြောပါတယ်။
You may also like these stories: