သရုပ်ဆောင် မိုးဟေကိုရဲ့ “မိုး” ရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူးခဲ့တဲ့ “ငါ၏အမိန့် ” ဇာတ်ကား ရုံတင်ခါနီးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုပ်ရှင်ရုံတွေ ပိတ်ရတော့မယ်ဆိုတဲ့ သတင်းတွေ ကြားတဲ့အခါ ကျန်းမာရေးကိစ္စ ဖြစ်တဲ့အတွက် မြန်မြန်ပိတ်စေချင်တယ်လို့ မိုးဟေကိုက ပြောပါတယ်။
“ငါ၏အမိန့်ကို ရုံတင်တော့မှာဆိုတော့ ခံစားမှုကတော့ မကောင်းဘူးပေါ့။ ကျန်းမာရေးသတင်းက ဆိုးရွားနေတာ။ ကိုရိုနာကြောင့် ရုပ်ရှင်ရုံတွေ ပိတ်ရမယ်လို့ ကြားတယ်။ အခုချိန်က ကျန်းမာရေးဂရုစိုက်ရမယ့် အချိန်ဆိုတော့ ပိတ်ပါ။ ပိတ်ရမယ်ဆိုလည်း မြန်မြန်ပိတ်စေချင်တယ်။ ကျန်းမာရေးက နံပါတ်တစ် အရေးကြီးဆုံးဆိုတော့ ပိတ်ရင် ဝမ်းသာတယ်။ ပြန်ဖွင့်ရင်တော့ ကားလေးတွေ ပြန်ပြရမယ်လို့တော့ ထင်တယ်”လို့ မိုးဟေကိုက ပြောပါတယ်။
ဆက်လက်ပြီး မိုးဟေကို အခုလို ကျန်းမာရေး ကိစ္စဖြစ်လာတော့ အခက်အခဲ ရှိပေမယ့်လည်း ခဏတော့ သည်းခံရမယ်လို့ ဆိုပါတယ်။
“အကုန်လုံး အခက်တွေ့ကုန်တာတော့ ရှိတာပေါ့။ အပေါ်ကလူတွေလည်း အခက်တွေ့သလို၊ အလတ်တန်းရော၊ အောက်က လူတွေရော အခက်တွေ့တယ်။ ကျန်းမာရေးကိစ္စ ဖြစ်လာတော့ ကျန်းမာရေးဦးစားပေးရမယ်။ ဒါကလည်း ခေတ္တခဏ ဖြစ်နေချိန်မှာတော့ သည်းခံရမှာပေါ့။ ရုံတွေ မပိတ်သေးလို့ လာကြည့်ရင်လည်း နှာခေါင်းစည်းလေးတွေ စည်းကြပါ။ လက်ဆေးကြပါ”လို့ မိုးဟေကိုက ပြောပါတယ်။
“ငါ၏အမိန့်” ရုပ်ရှင်ကားကိုတော့ ဇာတ်လမ်းကြိုက်လို့ ကိုယ်တိုင် ထုတ်လုပ်ပြီး ကိုယ်တိုင် သရုပ်ဆောင်ခဲ့တာလို့ မိုးဟေကိုက ဆိုပါတယ်။
“ကိုယ့်ထုတ်လုပ်ရေးက ကားတိုင်း သရုပ်မဆောင်ချင်ဘူး။ ဘာအကြောင်းမှတော့ မရှိပါဘူး။ ဒီကားမှာက ဇာတ်လမ်းကို ကြိုက်လို့ ရိုက်ဖြစ်တာပေါ့။ မင်းသမီးတယောက်နဲ့ ထုတ်လုပ်သူ တယောက်က ဘာမှတော့ သိပ်မကွာဘူး။ ထုတ်လုပ်သူအနေနဲ့ ဇာတ်ကားကို ကောင်းစေချင်တယ်။ ကောင်းအောင်လည်း ကြိုးစားတယ်။ သရုပ်ဆောင်အနေနဲ့လည်း ကိုယ်ပါဝင်ထားတဲ့ ကိုယ့်ကားလေးကို ကောင်းစေချင်တယ်။ ကောင်းအောင်လည်း ကြိုးစားတယ်။ ဒါပါပဲ”လို့ မိုးဟေကို ဆိုပါတယ်။
ဒီဇာတ်ကားအတွက်ကိုတော့ လတ်တလောမှာ ကိုရိုနာဗိုင်းရပ်စ် ကျန်းမာရေး သတင်းတွေကြောင့် အခြေအနေ မကောင်းတဲ့အတွက် မျှော်လင့်ချက် မရှိဘူးလို့လည်း မိုးဟေကိုက ဆိုပါတယ်။
“မျှော်လင့်ချက်ကတော့ အခြေအနေ မကောင်းတဲ့အတွက် မကောင်းဘူးပေါ့။ ဒီဇာတ်ကားမှ မဟုတ်ဘူး။ ဘယ်အရာကိုမှ အများကြီး မမျှော်လင့်ထားဘူး။ အကောင်းဘက်ကိုလည်း အများကြီး မတွေးထားဘူး။ အများကြီး မျှော်လင့်ထားပြီး ဖြစ်မလာရင် ကိုယ်က ပိုခံစားရတဲ့အတွက် ကျမ ပိုခံစားရတယ်ဆိုတာကိုသိတော့ ဘယ်ဟာမှ အများကြီး မမျှော်လင့်ပါဘူး။ ပရိသတ် ကြိုက်နှစ်သက်သလောက်ပဲပေါ့။ ဒါပေမဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားရမှာက ကိုယ့်တာဝန်ပဲ”လို့ မိုးဟေကိုက ပြောပါတယ်။
သရုပ်ဆောင် မိုးဟေကိုကတော့ လတ်တလောမှာ တီဗီကြော်ငြာတွေ ရိုက်ကူးနေပြီး သူ့ရဲ့ ကိုယ်ပိုင် “မိုး” ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ မိုးဟေကိုက ပိုးထည်ဆိုင် လုပ်ငန်းလည်း လုပ်ကိုင်နေပြီး သူ သဘောကျတဲ့ ဇာတ်ကောင်တွေ ရှိရင်တော့ ရုပ်ရှင်ကားကြီး ရိုက်ဖြစ်တယ်လို့ သိရပါတယ်။