မန္တလေးမှ Makeup Artist တဦးဖြစ်တဲ့ မိတ်ကပ် ဆူးက Facebook မှာ Live လွှင့်ရင်း လူအများရဲ့ သဘောကျခြင်းကို ခံခဲ့ရပြီး အခုနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားတချို့မှာ ပါဝင်ဖို့အတွက် ကမ်းလှမ်းခံရတာနဲ့ ပတ်သက်ပြီး ရုပ်ရှင်ရိုက်ဖို့အတွက် အိပ်မက်တောင် မမက်ခဲ့ဖူးဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“ပျော်ပါတယ်။ ပျော်တယ် ဆိုတာထက် စိတ်ကြည်နူးမှုပေါ့။ ကိုယ်တွေက အိပ်မက်တောင် မမက်ဖူးခဲ့ဘူး။ ဒီလိုမျိုး ပိတ်ကားပေါ်မှာ ပါရမယ်ဆိုတာမျိုးကို ရှေ့ဆောင်လမ်းပြသွားတဲ့ စီနီယာ အမေတွေ၊ အစ်မတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့ ဒီလို လမ်းဖောက်ပေးသွားလို့ပဲ ကိုယ်တွေက လမ်းလျှောက်ရတာလေ။ ပရိသတ်အနေနဲ့ လက်ခံတဲ့အပိုင်းလည်း ရှိလိမ့်မယ်။ လက်မခံတဲ့ အပိုင်းလည်းရှိလိမ့်မယ်။ ဒါကတော့ လူ့လောကမှာနေတာဖြစ်တဲ့အတွက် အဆိုးနဲ့ အကောင်းကတော့ အမြဲဒွန်တွဲနေမှာပဲ”လို့ မိတ်ကပ် ဆူးက ပြောပါတယ်။
Makeup Artist တယောက်ဖြစ်ပေမယ့် ရုပ်ရှင်ရိုက်တဲ့အခါမှာ အခက်အခဲ မရှိခဲ့ဘဲ အပြင်က ကာရိုက်တာအတိုင်း သရုပ်ဆောင်ရတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
“အခက်အခဲကတော့ မရှိပါဘူး။ ဆူးက ကင်မရာလည်း သိပ်ကြောက်တတ်တဲ့သူ မဟုတ်ဘူး။ ရှိန်းတိန်းဖိန်းတိန်း ဖြစ်နေတာမရှိဘူး။ ကိုပြည်ဟိန်းသီဟက ဆူးရေ ဒါလေး ဒီလိုလုပ်၊ ဒီဒိုင်ယာလော့လေး ဒီလိုလုပ်ဆိုပြီး ပြောခိုင်းတဲ့အတိုင်း ပြောလိုက်တယ်။ ကိုယ်သရုပ်ဆောင်ရတာလည်း အပြင်က ကိုယ့်ကာရိုက်တာအတိုင်းပဲဆိုတော့ အဆင်ပြေတယ်။ သိပ်ပြီးတော့ ခက်ခက်ခဲခဲ မရှိဘူး” လို့ ဆူးက ပြောပါတယ်။
ဆူးကတော့ ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ ရုပ်ရှင်ကားကြီးမှာ နိုင်ငံကျော် Makeup Artist များ ဖြစ်ကြတဲ့ မိတ်ကပ် ခင်စန်းဝင်း၊ ညီညီမောင်(စမ်းချောင်း)၊ လင်းလင်း၊ မထက်တို့နဲ့အတူ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
အဆိုပါ ရုပ်ရှင်ကားကြီးကတော့ သူ့ရဲ့ပထမဆုံး သရုပ်ဆောင်မှု မဟုတ်ဘဲ ယခင်က ဒါရိုက်တာ ဝိုင်း ရိုက်တဲ့ ဗီဒီယိုကား တကားမှာလည်း မိတ်ကပ်ဆရာအနေနဲ့ ပါဝင်ခဲ့ဖူးတယ်လို့ သိရပါတယ်။
“ပထမဆုံး သရုပ်ဆောင်တဲ့ ကားတကား ရှိတယ်။ အဲဒါက ဗီဒီယိုကား ကိုဝိုင်း ရိုက်တဲ့ “ဗလာ ဗလာဗလာ” ဆိုတဲ့ကားထဲမှာ မိတ်ကပ်ဆရာအနေနဲ့ တဖြတ်လေး ပါရတာပေါ့။ အဲ့တုန်းကတော့ အနုပညာကြေး ၃ သောင်းလား မသိဘူး ရတယ်” လို့ ဆူးက ပြောပါတယ်။
အနုပညာကြေးအနေနဲ့လည်း ပေးမယ်ပြောကြပေမယ့် မေတ္တာနဲ့ ကူညီပေးဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင် မဟုတ်တာကြောင့် တဖြည်းဖြည်းနဲ့ များများ ရိုက်ဖြစ်ဖို့အတွက် ကူညီရိုက်ကူးပေးတာဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုမျိုး မိတ်ကပ်ပညာရှင်များ ရုပ်ရှင်ပိတ်ကားထက်မှာ ပါဝင်လာတာနဲ့ ပတ်သက်ပြီး တချို့သောဝေဖန်မှုများ ရှိနေတဲ့အပေါ်လည်း ဆူးက အခုလို ပြောပါတယ်။
“လူတိုင်းမှာ စားဝတ်နေရေး ဆိုတာ ရှိတယ်။ မိတ်ကပ်က နေ့တိုင်းလိမ်းရတဲ့ အမျိုးလည်း မဟုတ်သလို မိတ်ကပ်က နေ့စဉ် ဝင်ငွေလည်း မဟုတ်ဘူးလေ။ ရာသီချိန်ရှိမှ လုပ်စားရတာလေ။ ကျန်တဲ့အချိန်ကျတော့ ဆူးတို့ကို ဘယ်သူက ထမင်း လာကျွေးမှာလဲ။ အဲ့တော့ ကြော်ငြာရိုက်တွေ ရှိမယ်။ ရုပ်ရှင်ရိုက်တွေ လာအပ်တယ်”
“ဘာပဲပြောပြော ကိုယ်နာမည်ကြီးနေလို့ သူတို့တွေ အသုံးချလို့ ပိုက်ဆံရတယ်။ ဒါလည်း တယောက်နဲ့တယောက်က အကျိုးတူ ပူးပေါင်းကြတဲ့အလုပ်ပဲလေ။ လာကမ်းလှမ်းတယ်ဆိုရင် လက်ခံရမယ်။ ရိုက်ရမယ်။ ဝေဖန်တဲ့သူတွေကတော့ ဝေကို ဝေဖန်နေဦးမှာပဲ။ ဝေဖန်စရာရှိလို့လေ”လို့ ပြောပါတယ်။
ဆက်လက်ပြီး “ဝေဖန်တဲ့သူတွေကတော့ ရော့နင်တို့ကို ပိုက်ဆံပေးမယ်။ ဆက်ပြီး အဝေဖန်ခံလို့ လာပြောမှာ မဟုတ်ဘူး။ ကိုယ်ကြိုးစားမှ၊ ကိုယ့်ထမင်း ကိုယ်စားမှ၊ အခုခေတ် လောကကြီးက အူမတောင့်မှ သီလစောင့်နိုင်မှာ။ အူမတောင့်ဖို့အတွက်ကို ငွေရှာရမယ်။ သီလစောင့်ဖို့ရာအတွက်ကို ကြိုးစားရမယ်။ ကိုယ့်ရဲ့တရားဘာဝနာအတွက် ကုသိုလ်လေးတွေ လုပ်ရမယ်။ ဒီကရတဲ့ ပိုက်ဆံလေးတွေနဲ့ အဲ့လိုပဲ ပရဟိတတွေ လုပ်ရတာပဲ။ ရတဲ့ပိုက်ဆံ ၃ ပုံပုံ လှူဖို့ စားဖို့ စုဖို့ လုပ်ရမယ်။ အနာဂတ်အတွက် အဲ့လိုလေးတွေပေါ့”လို့ ဆူးက ပြောပါတယ်။
မန္တလေးမြို့မှာ နေထိုင်တဲ့ မိတ်ကပ် ဆူးရဲ့ ပုရစ်ကြော်ကလည်း နာမည်ကြီးပြီး Facebook မှာ Live လွှင့်ကာ ပုရစ်ကြော်ရောင်းချချိန်မှာ ဆူးရဲ့ ပြောစကားများဟာ လူအများကြား ၊ မင်းသမီးများကြားမှာလည်း ကျော်ကြားပါတယ်။ Tik Tok မှာလည်း ဆူးရဲ့စကားပြောသံများနဲ့ သရုပ်ဆောင် အေးမြတ်သူတို့က Tik Tok ဗီဒီယိုများ ပြန်လည် ရိုက်ကူးကြတာတွေ တွေ့ရပါတယ်။
You may also like these stories:
ရုပ်ရှင် ရုံတင်ဖို့ထက် ကျန်းမာရေးက အရေးကြီးဆုံးပဲလို့ ပြောလိုက်တဲ့ မိုးဟေကို
လူပြောများနေတဲ့ မြန်မာသူဌေးတို့ရဲ့ သိန်းသောင်းချီတန် ပွဲတက်ဖက်ရှင်များ
သိန်းသောင်းချီတန် ဝတ်စုံကို ဖန်တီးခဲ့တဲ့အကြောင်း ပြောပြတဲ့ ဒီဇိုင်နာ သျှတ္တရ