လတ်တလော ကမ္ဘာတဝှမ်းမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (Covid-19) ရောဂါဟာ မင်သား Tom Hanks ကိုလည်း ကူးစက်နေတာကြောင့် စိတ်မကောင်းဘူးလို့ သရုပ်ဆောင် ထွန်းထွန်းက ဆိုပါတယ်။
“ကျနော်ကြိုက်တဲ့ မင်းသား Tom Hanks လည်း ကူးစက်ခံထားရတယ်ဆိုတော့ စိတ်မကောင်းဘူး။ နားစွင့်ရမှာပဲ။ သူတို့နိုင်ငံက အဆပေါင်းများစွာ တိုးတက်နေတော့ ဘာဆက်ဖြစ်မလဲပဲ ကိုယ်က ကြည့် နေရတယ်။ ကျနော်တို့ဆီမှာ ဖြစ်လာရင်လည်း ဘယ်လိုဖြစ်လာမလဲ အဖြေက မသိသေးဘူး။ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့အတိုင်း အကောင်းဆုံးနေကြပါပဲ ပြောချင်တယ်”လို့ ထွန်းထွန်းက ပြောပါတယ်။
ဆက်လက်ပြီး ထွန်းထွန်းက အခုလို ရောဂါကူးစက် ပြန့်ပွားမှုတွေကြောင့် ဆုံးရှုံးမှုကတော့ အခြား နိုင်ငံတွေလိုပဲ ထပ်တူပဲလို့ ပြောပါတယ်။
“ကျနော်တို့ တကမ္ဘာလုံးမှာ ဖြစ်နေတာ။ ကိုယ့်နိုင်ငံ တခုတည်း ထူးပြီးဖြစ်နေတာ မဟုတ်ဘူး ဆိုတော့လည်း ဆုံးရှုံးမှုတွေက နည်းတူပါပဲ။ ဘောလုံးပွဲတွေက မလွှင့်တော့ဘူးဆိုတော့ ကျနော်တို့ မကြည့်ရဘူးပေါ့။ နောက်သင်္ကြန်လည်းရွေ့မယ် ဆိုတော့ ဘာတွေ ဖြစ်ဦးမလဲ မသိသေးဘူး”လို့ ထွန်းထွန်းက ပြောပါတယ်။
ဆက်ပြီး “အမေတို့ကတော့ ဆီတွေ၊ ဆန်တွေ ဝယ်ထားကြတယ်။ ကျနော်တို့ နေ့တိုင်း လုပ်နေကျအရာတွေ ရပ်တန့်သွားရင် အိမ်မှာပဲ နေကြရမှာပေါ့။ အိမ်မှာနေပြီး မိသားစုကို ပိုအချိန်ပေးဖြစ်မှာပေါ့”လို့ ထွန်းထွန်းက ဆိုပါတယ်။
မကြာခင် ရုံတင် ပြသမယ့် “ငါ၏အမိန့်” ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားတဲ့ ထွန်းထွန်းက ဇာတ်လမ်းပုံစံ ဆန်းတာကြောင့် လက်ခံဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“ဒါရိုက်တာ စတီးလ်က ရုပ်ရှင်ကားတကားကို သူပေးချင်တဲ့ Message ကို ရောက်အောင် ပေါ်လွင်အောင်ပေးလေ့ ရှိပါတယ်။ ငါ၏အမိန့် ကားကလည်း သူပေးချင်တဲ့ Messageကို ပေါ်လွင်စေမယ့် ကားတကားပါ။ ဇာတ်လမ်းပုံစံလေးက ဆန်းတာကြောင့် လက်ခံဖြစ်တယ်”
“ဒီကားကို လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရိုက်တာ။ ဒီကားထဲမှာပါ ကာရိုက်တာတွေက ကိုယ့်ဘက်ကကြည့်ရင် လက်ဖမိုးတွေချည်းပဲ။ တဖက်ကကြည့်ရင် လက်ဖဝါးတွေချည်းပဲ။ ကိုယ့်အမှန်နဲ့ကိုယ် ရှင်သန်နေတယ်လို့ ပြောလို့ရတယ်”လို့ ထွန်းထွန်းက ဆိုပါတယ်။
“ကျနော်တို့ အကုန်လုံး “ငါ၏အမိန့်” မှာ အကုန်ကြိုးစားပြီး သရုပ်ဆောင်ကြတယ်။ အမှတ်တရတွေလည်း များတယ်။ မိုးဟေကိုကလည်း သူတိုက်က ထွက်တဲ့ ကားလေးတွေကို သေချာ သပ်သပ်ရပ်ရပ် လုပ်တယ်။ ဒီကားလေးကို ကြည့်ရင်လည်း သူ အနုပညာ ရူးသွပ်မှုနဲ့ ထုတ်တယ်ဆိုတာ ကြည့်ရင် သိရမှာပါ”လို့ ထွန်းထွန်းက ပြောပါတယ်။
“ငါ၏အမိန့်” ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ စတီးလ် ပုံဖော် ရိုက်ကူးထားပြီး မြင့်မြတ်၊ ထွန်းထွန်း၊ နေမျိုးအောင်၊ မိုးဟေကိုနဲ့ အခြား သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ “ငါ၏အမိန့်” ဇာတ်ကားကိုတော့ မတ်လ ၁၉ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။