သားနှစ်ယောက်ရဲ့ ဖခင်ဖြစ်တဲ့ သရုပ်ဆောင် နေမျိုးအောင်ကတော့ ဖခင်တယောက် အနေနဲ့ သားတွေကို အနုပညာ ဝါသနာပါရင် ပံ့ပိုးဖို့ အဆင်သင့်ပဲလို့ ဆိုပါတယ်။
“ဖခင်တယောက် အနေနဲ့ ကိုယ်ချစ်တဲ့ အနုပညာပေါ်မှာ သားတွေ ဝါသနာပါရင် ပံ့ပိုးပေးဖို့က အဆင်သင့်ပါ။ အောင်မြင်တာ၊ မအောင်မြင်တာကတော့ သူတို့ ကြိုးစားမှုပေါ်မှာ မူတည်ပါတယ်။ ကျနော်ကတော့ သားတွေ အနုပညာ ဝါသနာပါလို့ ဝမ်းသာပါတယ်။ သားငယ်က တယောက်ကတော့ ပန်းချီ သင်ထားတယ်။ သားသားက အင်္ဂလိပ်ကျောင်း တက်နေတော့ မြန်မာစကား သိပ်မပြောတတ်ဘူး။ အိမ်မှာ မြန်မာ ဂိုက် ၂ ယောက်လောက် ခေါ်သင်နေရတယ်”လို့ နေမျိုးအောင်က ပြောပါတယ်။
ဆက်လက်ပြီး နေမျိုးအောင်က သူ့ရဲ့ သားငယ်နဲ့အတူ ဗီဒီယိုဇာတ်ကား ရိုက်ထားတာ ၂ ကားရှိပြီး ရုပ်ရှင်ကားကြီးကတော့ ပထမဆုံး ရိုက်ကူးတာလို့ ဆိုပါတယ်။
“သားငယ်နဲ့ ဗီဒီယို တွဲရိုက်ထားတာ ၂ ကားလောက် ရှိတယ်။ ရုပ်ရှင်ကားကြီးကတော့ ပထမဆုံးပေါ့။ သားသားက “ငါ၏အမိန့်” ဇာတ်ကားမှာ ထွန်းထွန်း ငယ်ဘဝ ရိုက်ထားတာ။ မြင့်မြတ် ငယ်ဘဝ ရိုက်ဖို့ ကမ်းလှမ်းခဲ့တာ။ မြင့်မြတ် ငယ်ဘဝ အခန်းတွေက အရမ်းများတော့ ရိုက်ကြည့်တော့ မြန်မာလို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်တော့ ထွန်းထွန်း ငယ်ဘဝ ဖြစ်သွားတာပေါ့”
“သားက အခုမှ သရုပ်ဆောင်ခါစ ဆိုတော့ အရည်အချင်းတော့ ခန့်မှန်းလို့ မရသေးဘူး။ သားကို မေးကြည့်တယ်၊ သားကို ကားရိုက်ဖို့ ပြောရင် ရိုက်မလားလို့။ အခု မရိုက်ဘူး။ ကျောင်းပြီးမှ ရိုက်တော့မယ် ပြောတယ်”လို့ နေမျိုးအောင်က ပြောပါတယ်။
မကြာခင် ရုံတင်မယ့် “ငါ၏အမိန့်” ဇာတ်ကားမှာ ပါဝင်ဖြစ်ပုံလည်း နေမျိုးအောင်က အခုလိုပဲ ပြောပါတယ်။
“ကျနော် “ငါ၏အမိန့်” ကားထဲမှာတော့ အရမ်း အထွေအထူး မရှိပါဘူး။ ကျနော်တို့ လင်မယား အဆင်မပြေ၊ ဒုက္ခတွေ ရောက်ချိန် ကျနော်နဲ့ ပတ်သက်တဲ့သူတွေက မိန်းမကို ဖမ်းခေါ်သွားတာ။ အိမ်တအိမ်ထဲ ရောက်သွားတယ်။ အဲ့အိမ်ထဲက ထွက်လို့ မရတော့ဘူး။ ဒီကားလေးက သည်းထိတ်ရင်ဖို ဇာတ်ကားလေးပါပဲ။ အမှတ်တရကတော့ သားငယ်နဲ့ အတူတူ ရိုက်ထားတဲ့ ကားလေးပါ”လို့ နေမျိုးအောင်က ပြောပါတယ်။
လတ်တလော ကမ္ဘာတဝှမ်းမှာ ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကိုလည်း မြန်မာနိုင်ငံကို မရောက်စေချင်ဘူးလို့ နေမျိုးအောင်က ဆိုပါတယ်။
“ကမ္ဘာမှာ ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကလည်း တော်တော်ကို ပျံ့နှံ့နေပြီ။ ကျနော်တို့ နိုင်ငံမှာ ကြိုတင် ကာကွယ်တာတော့ အကောင်းဆုံးပေါ့။ ကျနော်တို့နိုင်ငံထဲ ဝင်လာရင်ဆိုပြီး တွေးလို့တောင် မရဘူး။ နိုင်ငံကြီးတွေတောင် ရှောင်လို့ မရဘူး။ ဆေးတောင် ရမလို၊ မရမလို ဖြစ်နေတာ။ ကျနော်တို့နိုင်ငံကို မရောက်စေချင်ဘူး”လို့ နေမျိုးအောင်က ပြောပါတယ်။
နေမျိုးအောင်ဟာ အက်ရှင်မင်းသားအနေနဲ့ နယ်ပရိသတ်တွေရဲ့ အားပေးမှုနဲ့ အောင်မြင်ခဲ့တဲ့ မင်းသား ဖြစ်ပါတယ်။ အခုဆိုရင် ရန်ကုန် ပရိသတ်တွေရဲ့ အားပေးမှုလည်း ရရှိနေပြီး ရုပ်ရှင်ကားကြီးတွေမှာ ပါဝင် သရုပ်ဆောင်နေပါတယ်။