ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံအသီးသီးက ပြည်သူတွေကြားမှာ စိုးရိမ်မှုနဲ့ မသေချာမှုတွေ ရှိနေပြီး ရုပ်ရှင်ချစ် ပရိသတ်တွေကလည်း ဆေးပညာရှင်တွေရဲ့ အကြံပေးချက်များအတိုင်း အိမ်ထဲမှာပဲနေပြီး လူထူထပ်တဲ့ နေရာတွေကို မသွားဘဲ နေနေကြပါတယ်။
အဲ့ဒီအတွက် ရုပ်ရှင်ရုံတွေမှာ လူမရှိဘဲ ဖြစ်နေရပြီး ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်လုပ်ငန်းကြီးတခုဖြစ်တဲ့ ဟောလိဝုဒ်ကလည်း အဲ့ဒီဒဏ်တွေကို ခံစားနေရပါတယ်။ Deadline မီဒီယာရဲ့ အဆိုအရ ရုံဝင်ငွေ စာရင်းရလဒ်ဟာ ၂၂ နှစ်အတွင်းမှာ အနိမ့်ဆုံးကို ကျဆင်းသွားခဲ့ပြီး 9/11 တိုက်ခိုက်မှု နောက်ပိုင်း ရုံဝင်ငွေထက်တောင် နိမ့်ကျသွားခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
Deadline ရဲ့အဆိုအရ အခုသီတင်းပတ်အတွင်းမှာ ရုပ်ရှင်ရုံပေါင်း ၂၅ ရုံကို ပိတ်ချလိုက်ပြီး နယူးယောက်၊ ဖီလစ်ဒါးဖီးယား၊ ဘော်စတွန်၊ ဆီယက်တဲနဲ့ ဝါရှင်တန်ဒီစီတို့လို အဓိကဈေးကွက်တွေ အပါအဝင် အမေရိကန် နိုင်ငံတလွှားမှာ ရုံပေါင်း ၁၀၉ ရုံအထိ ပိတ်လိုက်ပြီးလည်း ဖြစ်ပါတယ်။
Comscore ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ ပြည်တွင်းရုံဝင်ငွေစာရင်းမှာ ဝင်ငွေဒေါ်လာ ၅၅ ဒဿမ ၃ သန်းသာ ရရှိခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်း ကထက် ၄၅ ရာခိုင်နှုန်းနဲ့ ပြီးခဲ့တဲ့နှစ် အလားတူသီတင်းပတ်ကထက် ၆၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့တာကို တွေ့ရပါတယ်။
Pixar ရဲ့ “Onward” ရုပ်ရှင်ကတော့ ဒုတိယမြောက်ရုံတင်သီတင်းပတ်မှာ ဝင်ငွေဒေါ်လာ ၁၀ ဒဿမ ၅ သန်းနဲ့ ရုံဝင်ငွေ စာရင်းထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။ အဲ့ဒီအရေအတွက်ဟာ Pixar ကနေ ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်တွေမှာ ဒုတိယမြောက်သီတင်းပတ်ကုန်ပိုင်းအတွင်း ဝင်ငွေအနည်းဆုံး ဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းကထက် ၇၃ ရာခိုင်နှုန်းလောက် လျော့ကျသွားတာကို တွေ့ရပါတယ်။
“I Still Believe” ရုပ်ရှင်ကတော့ ဝင်ငွေ ဒေါ်လာ ၉ ဒဿမ ၅ သန်းနဲ့ ဒုတိယနေရာမှာရှိနေပြီး မင်းသား Vin Diesel ရဲ့ “Bloodshot” ရုပ်ရှင်ကတော့ ဝင်ငွေဒေါ်လာ ၉ ဒဿမ ၃ သန်းနဲ့ တတိယနေရာမှာ ရှိနေပါတယ်။
Ref: etcanada
You may also like these stories:
လန်ဒန်မြို့မှာ ကမ္ဘာ့အငယ်ဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဖြစ်လာတဲ့ ကလေးငယ်
Covid-19 ကြောင့် အမျိုးသားများ မျိုးအောင်ခြင်းကို ထိခိုက်စေနိုင်သည့် သတင်း ဟူဘေးအစိုးရပြန် ဖြုတ်ချရ
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြုံနေရချိန်မှာ ဘယ်လို နေထိုင်ရမလဲ