ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အများပြည်သူတွေအနေနဲ့ သီးခြားနေထိုင်ကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားတဲ့အချိန်မှာပဲ Disney+ ဗီဒီယိုဝန်ဆောင်မှုကနေ “Frozen 2” ရုပ်ရှင်ကို ၃ လစောပြီး ပြသမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ စလို့ သေဆုံးသူ ၆,၀၀၀ ကျော်အထိ ရှိလာပြီး ကူးစက်ခံရသူ ၁၇၀,၀၀၀ ကျော်အထိ ရှိနေပြီ ဖြစ်ပါတယ်။
“Frozen 2” ရုပ်ရှင်ကို ပြီးခဲ့တဲ့လကစလို့ Amazon နဲ့ iTunes တို့လို အွန်လိုင်းပလက်ဖောင်းတွေမှာ ငှားရမ်းတာ (သို့မဟုတ်) ဝယ်ယူ ကြည့်ရှုနိုင်ပြီ ဖြစ်ပေမယ့် Disney ရဲ့ စီအီးအို Bob Chapek ကတော့ အခုလိုမျိုး စိန်ခေါ်မှုများတဲ့ ကာလအတွင်းမှာ ပျော်ရွှင်ကြည်နူးမှုတွေကို ဆောင်ကျဉ်းလာဖို့ မတ်လ ၁၅ ရက်နေ့မှာ အခုလိုမျိုး အံ့သြသင့်ဖွယ် သတင်းကို ကြေညာလိုက်တာ ဖြစ်ပါတယ်။
စီအီးအို Bob က “Frozen 2 ရုပ်ရှင်ဟာ မိသားစုရဲ့ အရေးကြီးမှုနဲ့ ထက်သန် ခိုင်မာမှု ဆိုတဲ့ ခေါင်းစဉ်ကနေ တဆင့် ကမ္ဘာတဝန်းမှာရှိတဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပြီး ဘယ်အီလက်ထရောနစ် ပစ္စည်းနဲ့ မဆို Disney+ ကို ဝယ်ယူထားသူတွေအတွက် အခုလိုနွေးထွေးတဲ့ ဇာတ်လမ်းလေးကို ဝေမျှလိုက်ပါတယ်” လို့ ထုတ်ပြန်ချက်ထဲမှာ ဆိုထားပါတယ်။
ကမ္ဘာတဝန်းမှာရှိတဲ့ Disney ရဲ့ ပန်းခြံတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်ဖို့ ပိတ်လိုက်ရပြီးတဲ့နောက် အခုလိုမျိုး ကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ စတူဒီယိုအနေနဲ့လည်း ရုပ်ရှင်တွေ ရိုက်ကူးဖန်တီးမှုလုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းလိုက်ပြီလည်း ဖြစ်ပါတယ်။
Disney ရဲ့ကိုယ်စားလှယ်တဦးက “အချိန်တိုအတွင်းမှာ ကျနော်တို့ရဲ့ Live-action ရုပ်ရှင်တွေ ဖန်တီးထုတ်လုပ်မှုကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်”လို့ မတ်လ ၁၃ ရက်နေ့က ထုတ်ပြန် ကြေညာချက် တခုမှာ ဖော်ပြထားပါတယ်။
“Frozen 2” ရုပ်ရှင်ဟာ ၂၀၁၃ ခုနှစ်တုန်းက အထူးအောင်မြင်ခဲ့တဲ့ “Frozen” ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းဖြစ်ပြီး ဝင်ငွေ ဒေါ်လာ ၁ ဒဿမ ၃၂ ဘီလီယံ ရရှိခဲ့ပါတယ်။
Ref: etcanada
You may also like these stories:
DCEU အတွက် မင်းသား Ryan Reynolds ကို အလိုရှိနေတဲ့ Warner Bros.
ကိုရိုနာကြောင့် နှစ်ပေါင်း ၂၂ နှစ်အတွင်း ရုံဝင်ငွေ အဆိုးဆုံးကို ဟောလိဝုဒ် ကြုံနေရ
“သားတွေ အနုပညာ ဝါသနာပါရင် ပံ့ပိုးဖို့ အဆင်သင့်ပဲ”လို့ နေမျိုးအောင် ပြော