အကူအညီ လိုအပ်နေတဲ့ ရုပ်ရှင်လောကသားများအား ငွေသား၊ ဆီ၊ ငါးခြောက်များကို ရုပ်ရှင်ထုတ်လုပ်ရေးများနဲ့ မီဒီယာတို့ စုပေါင်း လှူဒါန်းတာနဲ့ ပတ်သက်ပြီး လှူဒါန်းသူနဲ့ အလှူခံ ရရှိသူတို့က ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“ကျနော်တို့ ထုတ်လုပ်ရေးတွေ ပေါင်းပြီးတော့ နှစ်တိုင်း လှူဖြစ်တယ်။ လှူတာ ၄ ကြိမ် ရှိပြီ။ အနုပညာလောကမှာ ပြေလည်တဲ့သူတွေက နွမ်းပါးသူတွေကို လှူတဲ့ အလှူလို့ပဲ ပြောရမှာပေါ့”
“အရင်က လှူတာ ဆန်ပါတယ်။ အခုက ဆန်က သူတို့သယ်ရင် အခက်အခဲဖြစ်လို့ ငွေ ၁ သောင်းရယ်၊ ဆီရယ်၊ ငါးခြောက်ရယ် လှူဖြစ်တယ်။ အခုသူတို့ အတွက် ဒါလေးတွေက အထောက်အပံ့ဖြစ်လို့ ကျနော်တို့ကဝမ်းသာရပါတယ်။ အခုရောဂါတွေကလည်း ဖြစ်နေတော့ အရေးပေါ်လိုအပ်လာရင် ကျနော်တို့တွေ ထပ်လှူသွားဦးမှာပါ”လို့ ရွှေစင်ဦး ရုပ်ရှင် ထုတ်လုပ်ရေးမှ ထုတ်လုပ်သူ ကိုကျော်လင်းထွန်းက ပြောပါတယ်။
အခုလို အဆင်မပြေချိန်မှာ လှူဒါန်းကြတဲ့ ကျေးဇူးလည်း တင်သလို၊ ပီတိလည်း ဖြစ်မိတယ်လို့ လူကြမ်း သရုပ်ဆောင် အောင်စည်ဟိန်းက ဧရာဝတီကို ပြောပါတယ်။
“ဝမ်းသာလို့ အရမ်းပျော်တယ်။ အခုလို အဆင်မပြေချိန်မှာ ကူညီပေးတော့ စားဖို့လေး ရတာနဲ့ ကျေးဇူးတင်နေတာ။ ပီတိလည်း ဖြစ်မိတယ်။ အလှူရှင်တွေ အားလုံးကို ဘုရားရှိခိုးတိုင်း ဆုတောင်းပေးပါတယ်။ ဆင့်ကဲဆင့်ကဲ အလှူရှင်တွေ ပေါ်လာတော့ ပိုပြီး ဝမ်းသာပီတိဖြစ်ရတာပေါ့။ ပိုပြီး အဆင်ပြေတာပေါ့။ အလုပ်အကိုင် ပါးတာ တော်တော်ကြာပြီ”လို့ လူကြမ်းသရုပ်ဆောင် အောင်စည်ဟိန်းက ပြောပါတယ်။
ဆက်လက်ပြီး လူကြမ်းသရုပ်ဆောင် တဦးဖြစ်တဲ့ သရဲကြီး မြင့်သိန်းကလည်း အခုလို အလုပ်အကိုင် ရှားပါးနေချိန်မှာ လှူဒါန်းပေးတာ ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
“အာလုံး စုပေါင်းပြီး ကျနော်တို့ကို ဆီ၊ ငါးခြောက် ထောက်ပံ့ငွေတွေ ပေးတော့ အရမ်း ဝမ်းမြောက်စရာကောင်းတဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလှူတခုပါ။ တော်တော်မျာများကလည်း အလုပ်မရှိတော့ အခုလို လှူပေးတာ ကျေးဇူးတင်ပါတယ်”လို့ သရုပ်ဆောင် သရဲကြီး မြင့်သိန်းက ပြောပါတယ်။
အကူအညီ လိုအပ်နေတဲ့ ရုပ်ရှင်လောကသားများကိုတော့ ရုပ်ရှင်အစည်းအရုံးနဲ့ လပ်ကီးဆဲဗင်း ရုပ်ရှင် ထုတ်လုပ်ရေးတို့ကလည်း ထပ်မံ လှူဒါန်းဖို့ရှိကြောင်း သိရပါတယ်။