တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် (Covid-19) နဲ့ ပတ်သက်ပြီး ကူးစက်မှု အရမ်း မြန်ဆန်တဲ့အတွက် လက်ကို ပုံမှန်ဆေးကြဖို့ သရုပ်ဆောင် နေတိုးက တိုက်တွန်းလိုက်ပါတယ်။
“အခု လတ်တလောမှာ ကိုရိုနာဗိုင်းရပ်စ်က တကမ္ဘာလုံးမှာ ချောက်ချားစရာ ရောဂါဆိုး ဖြစ်တဲ့အခါကျတော့ အွန်လိုင်းမှာရော၊ ဆိုရှယ်မီဒီယာမှာပါ တော်တော်များများ အသိပညာတွေနဲ့ ဆိုတော့ လူတွေ တော်တော်များများလည်း သိကြမယ်။ ဒီဗိုင်းရပ်စ်ကတော့ အရမ်းပြင်းထန်တဲ့အခါကျတော့ ဂရုလည်း စိုက်ရတယ်၊ နောက်ပြီးတော့ လက်ကို ပုံမှန်ဆေးဖို့ပေါ့”လို့ နေတိုးက ပြောပါတယ်။
ဆက်လက်ပြီး နေတိုးက လက်ကနေ တဆင့် ရောဂါးပိုးတွေ နှာခေါင်းထဲကို ဝင်နိုင်တာကြောင့် တခုခု ကိုင်တွယ်ပြီးနောက် ၁၅ မိနစ် တကြိမ်လောက် လက်ဆေးဖြစ်တယ်လို့လည်း ဆိုပါတယ်။
“ကျနော် သိရသလောက်တော့ ဒီဗိုင်းရပ်စ်က ဝိတ်လည်း နည်းနည်းရှိတော့ လူတွေရဲ့ ခါးအောက်ပိုင်း၊ ခုံတွေ၊ အင်္ကျီ အဝတ်အစားတွေမှာ ကပ်နေနိုင်တဲ့အတွက် လူတယောက်နဲ့ တယောက် စကားပြောတဲ့ အချိန်တွေမှာ ချက်ချင်း မကူးနိုင်ပေမယ့် အရာဝတ္ထုတွေကို ကိုင်တွယ်တဲ့အခါမှာ လက်ကနေတဆင့် နှာခေါင်းထဲကို ဝင်နိုင်တဲ့အတွက် လက်ဆေးဖို့ကိုတော့ အဓိကညွှန်ကြားထားတာကို တွေ့ရတယ်။ ကျနော်တို့လည်း ဆင်ခြင်ရတယ်။ ၁၅ မိနစ် တကြိမ်လောက်တော့ လက်သန့်ဆေးလေးတွေ ဆောင်ထားကြရတာပေါ့”လို့ နေတိုးက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ရုပ်ရှင်ရုံများ ကမ္ဘာတဝန်းမှာ ပိတ်ကြတဲ့အပေါ်လည်း နေတိုးက သူ့အမြင်ကို အခုလိုပဲ ဆိုပါတယ်။
“တကမ္ဘာလုံးမှာလည်း ရုပ်ရှင်ကို အကန့်အသတ် မရှိ နားထားတယ်။ ရိုက်ကူးမှုတွေရော၊ ပြသမှုတွေရောနားထားတယ်ဆိုတော့ ပြည်တွင်းမှာလည်း အချိန်အခါ တခုအထိ နားသင့်တယ်လို့ ယူဆတယ်။ ဒါကလည်း ကိုယ့်ဆန္ဒပေါ့။ ရုပ်ရှင်ရုံဆိုတာကလည်း ပြနေပြီး လူမလာရင်ကျတော့လည်း ဆုံးရှုံးမှုများတဲ့ အခါကျတော့ ပိတ်ထားတာလေးက သင့်တော်မယ်လို့ ထင်ပါတယ်” လို့ နေတိုးက ပြောပါတယ်။
ကိုယ်တိုင်လည်း ရုပ်ရှင်ရိုက်ကူးရေးများ လုပ်တဲ့အချိန်မှာ သတိနဲ့ အလုပ်လုပ်ကြပြီး လူအများကြီး သုံးရမယ့် ဇာတ်ဝင်ခန်းများကို မရိုက်ဘဲ နောက်ရွှေ့ထားတယ်လို့ ဆိုပါတယ်။
“ရိုက်ကူးရေးနဲ့ ပတ်သက်ပြီးတော့ အတွင်းထဲမှာရှိတဲ့ လူတွေက လက်ဆေးတာတို့၊ ဘာတို့နဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သတိနဲ့တော့ အလုပ်လုပ်ကြရတယ်။ ဆက်လက်ပြီးတော့ တချို့အခန်းလေးတွေ ရိုက်နေတယ်။ လူအများကြီးတွေ သုံးရမယ့် ဇာတ်ဝင်ခန်းတွေ ရှိတယ်။ အဲဒါကျရင်တော့ မရိုက်ဘဲနဲ့ နားထားတယ်။ နောက်ကို ရွှေ့ထားတယ်။ Indoor လေးတွေပဲ ရိုက်နေကြတယ်”လို့ နေတိုးက ပြောပါတယ်။
လက်ရှိမှာတော့ သရုပ်ဆောင် နေတိုးက အဆိုတော်များနဲ့အတူ ဂီတနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကား “အိပ်မက်ကာရန်” ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးနေပါတယ်။
You may also like these stories:
ဝူဟန်မြို့က ဆေးရုံတွေမှာ မနားမနေ လုပ်ကိုင်ကြတဲ့ သူနာပြုများ ချီးမွမ်းခံရ
“ရုပ်ရှင်ရုံကနေ ကူးသွားရင် ရုပ်ရှင်သမားတွေကို မကြည်မလင် ဖြစ်လိမ့်မယ်”
ကိုရိုနာကြောင့် ကမ္ဘာဒီးယားမှာ နိုင်ငံ ၅ နိုင်ငံကို ပြည်ဝင်ခွင့် ယာယီပိတ်