လတ်တလော ကမ္ဘာတဝှမ်းမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကူးစက်မှုများကြောင့် မြန်မာနိုင်ငံက ရုပ်ရှင်ရုံများကို ယနေ့၊ မတ်လ ၁၆ ရက်နေ့မှာ စတင် ပိတ်လိုက်ပါတယ်။
ရုပ်ရှင်ရုံများ အခုလို ပိတ်လိုက်တဲ့အပေါ် ရုပ်ရှင် ထုတ်လုပ်သူများ ဖြစ်ကြတဲ့ “Lucky Seven” ရုပ်ရှင်ထုတ်လုပ်ရေးမှ ကိုအုန်းဝင်း၊ “ရွှေစင်ဦး” ရုပ်ရှင် ထုတ်လုပ်ရေးမှ ကိုကျော်လင်းထွန်းတို့က သူတို့ရဲ့ အမြင်များကို အခုလိုပဲ ပြောပြထားပါတယ်။
ကိုအုန်းဝင်း (Lucky Seven ရုပ်ရှင်ထုတ်လုပ်ရေး)
“အခုလို ရုပ်ရှင်ရုံတွေ ပိတ်သွားတဲ့အတွက် ကောင်းပါတယ်။ တိုင်းပြည်ငြိမ်းချမ်းမှ ကျနော်တို့ ရုပ်ရှင်တွေကို ကြည့်ကြတယ်။ တိုင်းပြည် သာယာ၊ ချမ်းသာမှ ကြည့်ကြမှာလေ။ ကျနော်တို့ တိုင်းပြည်သာယာပါစေ၊ ငြိမ်းချမ်းပါစေလို့ အမြဲဆုတောင်းနေရတာပေါ့။ ကျန်းမာရေးပေါ် မူတည်ပြီး နိုင်ငံရေး အသုံးချသွားတာရှိတော့ အဲ့လိုမျိုး မဖြစ်စေချင်ဘူး”
“အခုလို ရုပ်ရှင်ရုံတွေ ပိတ်တာကြောင့် ကျနော်တို့ ထုတ်လုပ်ရေးတွေ ထိခိုက်လားဆိုရင် ပြည်သူလူထု ကျန်းကျန်းမာမာနဲ့ နေနိုင်ဖို့ ကိုယ်တိုင်တောင် ကျန်းမာ ချမ်းသာအောင် ဘယ်လိုနေရမလဲ စဉ်းစားရမယ့်အချိန်၊ ငွေရေးကြေးရေးကတော့ နှလုံးသားကို ထိုးဖောက်နိုင်စရာ အကြောင်း မရှိပါဘူး”
“ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မိသားစု ဘယ်လောက်ထိ ကျန်းမာမလဲ ကြည်ရမယ့်အချိန် ဖြစ်နေတာပေါ့။ ကျနော်တို့ ရုပ်ရှင်ရိုက်ကူးမှုတော့ မရပ်နားပါဘူး။ ကျနော်တို့ ရိုက်ကူးမှု ရပ်လိုက်ရင် သူတို့မှာ စီးပွားရေးအရ ထိခိုက်သွားနိုင်တယ်။ ကျနော်တို့ ရိုက်နိုင်သမျှတော့ ရိုက်နေဦးမယ်။ ရပ်လိုက်ရင် အောက်ခြေက အဖွဲ့တွေ ဘယ်လို ရှင်သန်မလဲ။ တချိန်ချိန်မှာတော့ ရပ်ရမယ်ဆိုရင် ရပ်သွားမှာပဲ”
ကိုကျော်လင်းထွန်း (ရွှေစင်ဦး ထုတ်လုပ်ရေး)
“အခုလို ရုံတွေ ပိတ်လိုက်တာတော့ ခံသာတာပေါ့။ ပိတ်မလို၊ ပိတ်မလိုလိုနဲ့ ပြရမယ့် ကားတွေအတွက် အဆင်မပြေဘူး။ အခုလို ပိတ်လိုက်တော့ ကောင်းတယ်လို့ မြင်ပါတယ်။ WHO က တရားဝင်ထုတ်ပြန်ထားတဲ့ သတင်းဖြစ်နေတော့ ကျနော်တို့လည်း အတတ်နိုင်ဆုံး လူစုလူဝေးတွေ မလုပ်ဘဲ ရောဂါမဖြစ်အောင် ကာကွယ်ကြရမှာပေါ့။ ထုတ်လုပ်ရေးတွေ တင်မကဘူး။ တကမ္ဘာလုံး နစ်နာနေတာပဲ”
“ကျနော်တို့ ထုတ်လုပ်ရေးတွေက ထွေထွေထူးထူး နစ်နာတယ်လို့ ပြောလို့ မရဘူး။ ရောဂါကာကွယ်ဖို့ ကာကွယ်နည်းတွေ လေ့လာကြပါ။ လောလောဆယ်တော့ ရောဂါက မြန်မာပြည်မှာ မရှိသေးဘူးဆိုတော့ ဒီက မရှာတတ်လို့ပဲ မရှိတာလား။ တကယ်ပဲ မရှိတာလား။တကယ် မရှိသေးဘူးလို့ ထင်တယ်” လို့ ထုတ်လုပ်သူ ကိုကျော်လင်းထွန်းက ဧရာဝတီကို ပြောပါတယ်။
ရန်ကုန်မြို့ရှိ သမ္မတ ရုပ်ရှင်ရုံမှာတော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ပိုးမမှီသာတို့ ပါဝင်ထားတဲ့ “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ကားကို ယနေ့၊ မတ်လ ၁၆ ရက်နေ့၊ မနက် ၁၀ နာရီ တပွဲသာ နောက်ဆုံး ပြသခဲ့ပါတယ်။
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့ လက်ကို ပုံမှန်ဆေးကြဖို့ တိုက်တွန်းလိုက်တဲ့ နေတိုး
“ရုပ်ရှင်ရုံကနေ ကူးသွားရင် ရုပ်ရှင်သမားတွေကို မကြည်မလင် ဖြစ်လိမ့်မယ်”
အကူအညီ လိုအပ်နေတဲ့ ရုပ်ရှင်လောကသားများအတွက် ငွေ၊ ဆီနဲ့ ငါးခြောက်များ လှူဒါန်း