ဂျိမ်းစ်ဘွန်းမင်းသမီး Olga Kurylenko ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သိရပါတယ်။ အသက် ၄၀ နှစ် အရွယ် မင်းသမီးဟာ ကမ္ဘာတဝန်းမှာ လူပေါင်း ၁၇၀,၀၀၀ ကျော်ကို ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတယ်လို့ အတည်ပြုခဲ့ပါတယ်။
မင်းသမီးဟာ ပြတင်းပေါက်တခုကနေ မိုးရေတွေ ရွှဲစိုနေတဲ့ လသာဆောင်ကို လှမ်းကြည့်နေတဲ့ ဓာတ်ပုံ တပုံကို သူ့ရဲ့ Instagram အကောင့်မှာ တင်ခဲ့ပါတယ်။
မင်းသမီးက “ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတာ Positive တွေ့ခဲ့ပြီးတဲ့နောက် အိမ်မှာပဲ တံခါးပိတ် နေရပါတယ်။ ကျမက တကယ်တော့ နေမကောင်း ဖြစ်နေတာ ၁ ပတ်လောက် ရှိပါပြီ။ အဖျားနဲ့ မောပန်းတာတွေကတော့ ကျမခံစားရတဲ့ ရောဂါ လက္ခဏာတွေပါ။ ရှင်တို့လည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ကြပြီး အလေးအနက်ထားကြပါ”လို့ ပြောပါတယ်။
မင်းသမီးဟာ ယူကရိန်းနိုင်ငံကနေ အဲ့ဒီသတင်းစကားကို Follower ၅ သိန်း ၇ သောင်းကျော်ထံ မျှဝေလိုက်တာ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ မင်းသမီးရဲ့ မိတ်ဆွေတွေကတော့ မင်းသမီးကို ကျန်းမာရေး ကောင်းမွန်စေဖို့ ဆန္ဒပြုခဲ့ကြပါတယ်။
မင်းသမီး Kurylenko ဟာ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Quantum of Solace” ရုပ်ရှင်မှာ မင်းသား Daniel Craig နဲ့အတူ Camille Montes ဆိုတဲ့ ဇာတ်ရုပ်ကနေ ပါဝင်ခဲ့ဖူးပါတယ်။ သူဟာ မင်းသား Tom Cruise နဲ့အတူ “Oblivion” ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင်ခဲ့ပြီး “Johnny English Strikes Again” နဲ့ “Momentum” ရုပ်ရှင်တွေမှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။
သူဟာ ၄ နှစ်အရွယ် သားလေး Alexander ရဲ့ မိခင်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ မင်းသားကြီး Tom Hanks နဲ့ ဇနီး Rita Wilson တို့ဟာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရပြီးနောက် မင်းသမီး Kurylenko ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ နောက်ထပ် နာမည်ကျော်ကြားသူ ဖြစ်လာခဲ့ပါတယ်။
လောလောဆယ်တော့ မင်းသားကြီး Tom Hanks တို့စုံတွဲကို သြစတြေးလျနိုင်ငံမှာပဲ သီးခြားစောင့် ကြည့်နေပါတယ်။ Universal Music ဥက္ကဋ္ဌနဲ့ စီအီးအို Lucian Grainge ကလည်း Covid-19 ကုသမှုကို ခံယူခဲ့ရပြီး ကနေဒါဝန်ကြီးချုပ် Justin Trudeau ရဲ့ဇနီးကလည်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။
ယူကေနိုင်ငံမှာလည်း ကျန်းမာရေးဝန်ကြီး Nadine Dorries ဟာလည်း Covid-19 ရောဂါကို ခံစားနေရပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက် ပျံ့နှံ့မှုကြောင့် ဖျော်ဖြေပွဲနဲ့ ပွဲတော်တွေကို ရွှေ့ဆိုင်း ဖျက်သိမ်းလိုက်ရလို့ ကမ္ဘာတဝန်းမှာ ဖျော်ဖြေရေး လုပ်ငန်းတွေကိုလည်း ထိခိုက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
Ref: metro
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ Data အတွက် ဝက်ဘ်ဆိုက် ဖန်တီးလိုက်တဲ့ ကျောင်းသား
“ကိုရိုနာကြောင့် ရုပ်ရှင်ရုံတွေ ပိတ်မယ်ဆို လိုက်နာသင့်တယ်”လို့ ဒါရိုက်တာ စတီးလ် ပြော
မြန်မာနိုင်ငံတွင်း ပွဲတော်များနှင့် COVID-19