ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ မင်းသားကြီး Tom Hanks ဆေးရုံက ဆင်းပြီ
မင်းသားကြီး Tom Hanks ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးတဲ့နောက် သီးခြား ခွဲနေထိုင်ခဲ့ရတဲ့ သြစတြေးလျ ဆေးရုံကနေ ဆင်းလာပြီ ဖြစ်ပေမယ့် ဇနီး Rita Wilson ကတော့ ဆေးရုံ ဆက်တက်နေရဆဲလို့ ကျန်းမာရေးဆိုင်ရာ အရာရှိတွေက မတ်လ ၁၇ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
အော်စကာဆုရ မင်းသားကြီး Hanks ဟာ သြစတြေးလျ ဒါရိုက်တာ Baz Luhrmann ရိုက်ကူးနေတဲ့ Elvis Presley အတ္ထုပ္ပတိရုပ်ရှင်အတွက် Brisbane မြို့အနီးက Gold Coast အရပ်မှာ ရှိနေခဲ့တာဖြစ်ပြီး သူနဲ့ ဇနီးတို့နှစ်ဦးလုံး ရောဂါကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။
အဆိုတော်နဲ့ သီချင်းရေးသူ Wilson ဟာ Sydney နဲ့ Brisbane မြို့တို့မှာ ဖျော်ဖြေပွဲတွေကို ပြုလုပ်ခဲ့ပြီးတဲ့နောက် COVID-19 ကူးစက်ခံခဲ့ရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ သြစတြေးလျ အာဏာပိုင်တွေကတော့ သူတို့နှစ်ဦးနဲ့ ထိတွေ့ဆက်ဆံခဲ့သူတွေထဲမှာ ရောဂါကူးစက်ခံရသူ ရှိ၊ မရှိ ခြေရာခံ ကောက်ယူနေပါတယ်။
သြစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၄၀၀ နီးပါး ရှိလာပြီဖြစ်ပြီး ၅ ဦး သေဆုံးခဲ့ပြီးလည်း ဖြစ်ပါတယ်။ မင်းသားကြီးတို့ စုံတွဲနှစ်ဦးဟာ COVID-19 ကို ရင်ဆိုင်နေတဲ့အကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့ပြီး သြစတြေးလျနိုင်ငံက ကြည့်ရှု စောင့်ရှောက်ခဲ့ကြသူတွေကို ကျေးဇူးတင်တယ်လို့ ပြောဆိုပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ရောဂါကို ရှောင်ရှားနိုင်ဖို့ ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်အတိုင်း လိုက်နာရေး တိုက်တွန်းခဲ့ပါတယ်။
မင်းသားကြီး Hanks ဟာ Lurhmann ရုပ်ရှင်ရိုက်ကူးစဉ်က သူတို့စုံတွဲနှစ်ဦး ခေတ္တနေထိုင်ခဲ့တဲ့ Gold Coast က အထပ်မြင့် တိုက်ခန်းတခုကို ပြန်လာသွားတယ်လို့ ယူဆရပါတယ်။ မင်းသားကြီးဟာ အခုရိုက်ကူးနေတဲ့ ရုပ်ရှင်မှာ ကွယ်လွန်သူ အဆိုတော်ကြီး Elvis ရဲ့ မန်နေဂျာ Colonel Tom Parker အဖြစ် သရုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။
Ref: asiaone
You may also like these stories:
ဂျိမ်းစ်ဘွန်းမင်းသမီး Olga Kurylenko ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရ
ကိုရိုနာကြောင့် ရုပ်ရှင်ရုံတွေ ပိတ်တဲ့အပေါ် ထုတ်လုပ်သူတွေရဲ့ အမြင်
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့ လက်ကို ပုံမှန်ဆေးကြဖို့ တိုက်တွန်းလိုက်တဲ့ နေတိုး