ဗြိတိသျှမင်းသား Idris Elba ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ မတ်လ ၁၆ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ မင်းသား Tom Hanks နဲ့ ဇနီး Rita Wilson တို့ ကူးစက်ခံရပြီးနောက် မင်းသား Elba ဟာလည်း ကမ္ဘာသိ အနုပညာရှင်တွေထဲ ရောဂါကူးစက်ခံရသူတဦး ဖြစ်လာခဲ့ပါတယ်။
“Luther” ရုပ်သံစီးရီးနဲ့ “Avengers: Infinity War” ရုပ်ရှင်တွေမှာ ပါဝင်ထားတဲ့ မင်းသား Elba ဟာ ရောဂါလက္ခဏာ ဖြစ်ပေါ်တာမျိုး မရှိပေမယ့် တခြားသူတွေနဲ့ သီးခြားခွဲနေထိုင်ရတယ်လို့ Twitter မှာတင်ခဲ့တဲ့ပို့စ်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ သူ အခုဘယ်နေရာမှာ နေထိုင်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အသက် ၄၇ နှစ်အရွယ် မင်းသား Elba က “ဒီမနက်မှာ ကျနော်ဟာ Covid 19 ရှိတယ်လို့ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ ရောဂါလက္ခဏာကို ခံစားရတာ မရှိပေမယ့် ဗိုင်းရပ်စ်နဲ့ ထိတွေ့တာမျိုး ရှိခဲ့တာကို သိခဲ့ရပြီးတဲ့နောက်ပိုင်း သီးခြားခွဲ နေနေပါတယ်။ ကျနော် ဘာလုပ်နေတယ်ဆိုတာ ခင်ဗျားတို့ကို အသိပေးနေပါ့မယ်။ ပြင်းထန်တာမျိုး မရှိပါဘူး” လို့ ရေးသားခဲ့ပါတယ်။
မင်းသားရဲ့အဆိုအရ စမ်းသပ်မှုကို ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့တုန်းက လုပ်ဆောင်ခဲ့ပြီး ရောဂါပိုး ရှိသူတဦးနဲ့ ထိတွေ့မှုရှိတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ အဲ့ဒီပုဂ္ဂိုလ် ဘယ်သူလဲဆိုတာ ဖော်ပြခဲ့တာမျိုး မရှိခဲ့ပါဘူး။ မင်းသားက “Positive နဲ့ နေထိုင်နေရပါတယ်။ လုံးဝ လန့်မသွားကြပါနဲ့” လို့ Twitter မှာ တင်ခဲ့တဲ့ ဗီဒီယိုမှာ ဖော်ပြထားပါတယ်။
မင်းသားကြီး Hanks နဲ့ ဇနီး Wilson တို့ဟာလည်း ရိုက်ကွင်းရှိတဲ့ သြစတြေးလျနိုင်ငံမှာ ရောဂါပိုး ကူးစက်ခံထားရတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ ပြောဆိုခဲ့ပါတယ်။
၂၀၀၈ ခုနှစ်တုန်းက “Quantum of Solace” ရုပ်ရှင်မှာပါဝင်ခဲ့တဲ့ ဂျိမ်းစ်ဘွန်းမင်းသမီး Olga Kurylenko က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပြီးတဲ့နောက် အိမ်ထဲမှာ တံခါးပိတ် နေထိုင်နေရတယ်လို့ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
မင်းသား Elba ရဲ့ ကြေညာချက်ဟာ ကမ္ဘာတဝန်းမှာ ရှိတဲ့ ရုပ်ရှင်ရိုက်ကူးရေးတွေကို ရပ်ဆိုင်းလိုက်ပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Warner Bros က စတုတ္ထမြောက် “Matrix” ရုပ်ရှင်နဲ့ တတိယမြောက် “Fantastic Beasts and Where to Find Them” ရုပ်ရှင် ရိုက်ကူးရေးတို့ကို ရပ်ဆိုင်းလိုက်တယ်လို့ ပြောဆိုထားပါတယ်။
Variety မီဒီယာရဲ့အဆိုအရ “Matrix” ရုပ်ရှင်ကို ဂျာမနီနိုင်ငံမှာ ရိုက်ကူးဖို့ ပြင်ဆင်နေတာဖြစ်ပြီး “Fantastic Beasts” ရုပ်ရှင်ကတော့ အခုမှ ထုတ်လုပ်မှု စတင်ဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
Ref:Reuters
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ မင်းသားကြီး Tom Hanks ဆေးရုံက ဆင်းပြီ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း မရှိပေမယ့် ဖျော်ဖြေပွဲတွေကို ရက်ရွှေ့လိုက်တဲ့ စလင်းဒီယွန်