ကိုရိုနာဗိုင်းရပ်စ် (Covid-19) ရောဂါကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) မှ ကမ္ဘာ့ကပ်ရောဂါအဖြစ် မတ်လ ၁၃ ရက်နေ့က ကြေညာခဲ့ပြီးနောက်ပိုင်း မတ်လ ၁၆ ရက်နေ့မှာတော့ မြန်မာတနိုင်ငံလုံးရှိ ရုပ်ရှင်ရုံများကို မနက်ပိုင်း ပွဲစဉ်တခုသာ ပြသပြီး ဧပြီလကုန်အထိ ပိတ်ကြောင်း ကြေညာခဲ့ပါတယ်။
အခုလို ရုပ်ရှင်ရုံများ မပိတ်ခင် နောက်ဆုံး ပွဲစဉ်အဖြစ် စိုင်းစိုင်းခမ်းလှိုင်ရဲ့ Frenzo Production မှထုတ်လုပ် ရိုက်ကူးထားတဲ့ “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ကို နောက်ဆုံး ပွဲစဉ်အဖြစ် ပြသခဲ့ပါတယ်။ ဒီလို မပိတ်ခင်ကလည်း စိုင်းစိုင်းခမ်းလှိုင်က သူ့ Facebook အကောင့်မှတဆင့် ရုပ်ရှင်ရုံများ ပိတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အခုလို ရုပ်ရှင်ရုံများ ပိတ်လိုက်တဲ့အပေါ် စိုင်းစိုင်းခမ်းလှိုင်ရဲ့ သဘောထားနဲ့ ရုပ်ရှင်ကြည့် ပရိသတ်တွေရဲ့ အမြင်ကို ဖော်ပြပေးလိုက်ပါတယ်။
အဆိုတော် စိုင်းစိုင်းခမ်းလှိုင်
“ကျနော်တို့ ပိတောက်အသင်းအနေနဲ့ ကမ္ဘာကြီး အမြန်ဆုံးနေကောင်းပါစေလို့ ဆုတောင်းပါတယ်။ မြန်မာပြည်ကြီး ကပ်ရောဂါဘေး ကင်းဝေးပါစေလို့ ဆုတောင်းပါတယ်။ ကျန်းမာရေးအတွက် ကူညီနိုင်တဲ့ ကိစ္စရှိရင်လည်း အတတ်နိုင်ဆုံး ပါဝင်ကူညီကြပါမယ်။ ရောဂါကင်းရှင်းပြီးတော့ လုပ်ငန်းတွေ အားလုံးလည်း အမြန် ပြန်လည်ပတ်နိုင်ပါစေ။ ရုပ်ရှင်ရုံတွေလည်း အမြန်ပြန်ဖွင့်နိုင်ပါစေ။ ကျနော်တို့ ရုပ်ရှင်လည်း အမြန်ဆုံး ပြန်ပြသခွင့်ရပါစေလို့ပဲ အကြိမ်ကြိမ် ဆုတောင်းနေမိပါတယ်”
ကျော်ဇေယျာမင်း (ကြည့်မြင်တိုင်)
“မနက်က လာကြည့်တော့ စိတ်ထဲမှာတော့ ထင်တယ်။ ရုံတွေ ပိတ်ထားတယ်ဆိုတော့ ဖွင့်မှ ဖွင့်ပါ့မလားပေါ့။ မဖွင့်ရင်တော့ ဘယ်သွားရမလဲဆိုပြီး ထင်မိတယ်။ စံပြတို့ဘာတို့ သွားတော့ ရုံတွေက ဖွင့်တယ်။ “ပိတောက်ကတဲ့ဂီတ” က မကြည့်ရသေးတော့ လာကြည့်တာ။ ဒါပေမဲ့ လူတွေက အရမ်းနည်းတယ်။ နည်းနည်းလေးမှ နည်းနည်းလေးပဲ ရှိတယ်”
“သတင်းတွေဘာတွေ ကြားတော့ အိမ်ကလူတွေကလည်း မသွားနဲ့လို့ ပြောတယ်။ ဒါပေမဲ့ အိမ်ထဲမှာပဲ နေနေတာ ၂ လလောက် ရှိပြီ။ ရပ်ကွက်ထဲမှာပဲ နေနေရတော့ ပျင်းတာနဲ့ အမေ့ကို အပြင်သွားမယ်ဗျာဆိုပြီး ပြောတော့ သွားတဲ့။ Mask တော့ တပ်သွားလို့ ပြောတာကို ဝယ်ဖို့ မေ့သွားတယ်။ ဒီရောဂါက လူစုလူဝေးကနေတဆင့် ဖြစ်တာဆိုတော့ ဒီလို ပိတ်ပစ်လိုက်တာ ကောင်းပါတယ်။ သင်္ကြန်မဏ္ဍပ်တွေတောင် ပိတ်ပစ်လိုက်ပြီဆိုတော့လေ ကျနော်တို့ လူငယ်တွေအတွက် ကောင်းလည်း ကောင်းပါတယ်။ မကောင်းလည်း မကောင်းပါဘူး”
ဒေါ်မေလွင်ခိုင် (မရမ်းကုန်းမြို့နယ်)
“စိုင်းစိုင်းကားကို Red Carpet ကတည်းက စကြည့်ပြီးတော့ တပတ်တခါ အန်တီတို့ လာကြည့်တာ ၄ ခါမြောက် ရှိပြီ။ ဒီနေ့ လာကြည့်တာမှာ ပိတ်ပါစေလို့ ဆုတောင်းတာ။ အန်တီတောင်မှ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Page မှာ ရုံတွေပိတ်ပါလား၊ ပြန်ကြားရေးဝန်ကြီးဌာနကို တောင်းဆိုပါတယ်”
“ပိတောက်ကတဲ့ ဂီတ ကားလေးကို ပိတ်လိုက်ပြီး အခြေအနေကောင်းတော့မှ ပြန်ဖွင့်ရင် အရမ်းကောင်းမယ် ဆိုပြီးတော့။ ဘာဖြစ်လို့လဲဆိုတော့ စိုင်းစိုင်းရဲ့ဒီကားက အရမ်းကောင်းတယ်လေ။ တေးဂီတ ဇာတ်မြူး အရမ်းရိုတဲ့ ကားဆိုတော့ ကြိုက်တယ်။ အဓိကကတော့ သီချင်းတွေ အရမ်းကောင်းလို့လာကြည့်တာ။ အခြေအနေတွေ ပြန်ကောင်းရင် ပြန်ပြမှာပဲလေ။ အဲ့ကျရင် ပြန်ကြည့်မှာပဲ”
“ရုပ်ရှင်ရုံတွေ ပိတ်လိုက်တာ ကောင်းတယ်။ မြန်မာပြည်မှာ မဖြစ်သေးဘူးဆိုပေမယ့် အရမ်းကြောက်ဖို့ကောင်းတယ်။ အန်တီတို့က ဘယ်သူမှ မရှိဘူးဆိုရင်တောင် သူငယ်ချင်း ၂ ယောက် တိုင်ပင်ပြီးလာတာ။ အခုပိတ်လိုက်တော့ အရမ်းဝမ်းသာတယ်။ သူများတွေ ကူးမှာ စိုးလို့”လို့ မရမ်းကုန်းမြို့နယ်မှာ နေထိုင်တဲ့ ဒေါ်မေလွင်ခိုင်က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုပ်ရှင်ရုံများအားလုံး ပိတ်ထားသလို မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ပြည့် အကြိုနဲ့ အတူ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ပေးပွဲကိုလည်း ရက်ရွှေ့ဆိုင်းထားပါတယ်။
You may also like these stories:
တနိုင်ငံလုံးရှိ ရုပ်ရှင်ရုံများ ရက် အကန့်အသတ် မရှိ ယာယီပိတ်
ကိုရိုနာကြောင့် ရုပ်ရှင်ရုံတွေ ပိတ်တဲ့အပေါ် ထုတ်လုပ်သူတွေရဲ့ အမြင်
ကိုရိုနာကြောင့် နှစ်ပေါင်း ၂၂ နှစ်အတွင်း ရုံဝင်ငွေ အဆိုးဆုံးကို ဟောလိဝုဒ် ကြုံနေရ