ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးများနဲ့ ပွဲလမ်းသဘင်များကို ကမ္ဘာအနှံ့အပြားမှာ လုပ်ခွင့် မပေးတော့ဘဲ မြန်မာနိုင်ငံမှာလည်း ရုပ်ရှင်နှစ် ၁၀၀ ပြည့်အကြိုအတွက် ခမ်းနားစွာ ကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအား မတ်လအတွင်း ကျင်းပမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။
အခုလို ရွှေ့ဆိုင်းလိုက်တဲ့အတွက် အနုပညာရှင်များအား ပွဲတက်ဝတ်စုံ ဒီဇိုင်းများ အေးဆေးစွာ ဖန်တီးရန်အတွက် အချိန်ရသွားတယ်လို့ ဒီဇိုင်နာ သျှတ္တရက ပြောပါတယ်။
“အကယ်ဒမီ ရွှေ့သွားတာ ဝမ်းသာတယ်။ ရှေ့မှာ ပွဲတွေနဲ့ နည်းနည်းအ လုပ်ရှုပ်တယ်။ ကြားထဲမှာလည်း မင်္ဂလာဆောင်တွေ ရှိတယ်။ အခုရာသီက အလုပ်ရှုပ်တဲ့ ရာသီဆိုတော့ ရက်ရွှေ့သွားတော့ ကျနော်တို့အတွက် အေးအေးဆေးဆေး ဖန်တီးခွင့် ရသွားတာပေါ့။ မဟုတ်ရင် ပွဲတွေ အများကြီး တိုက်ပြီး အလုပ်တွေ အရမ်းရှုပ်တယ်ဆိုတော့ ကိုယ်စိတ်ရှိသလောက် ဖန်တီးလို့ မရဘူး။ အခုကျတော့ ဖန်တီးလို့ရတဲ့အတွက်လည်း ရောဂါကြောင့် မဟုတ်ဘူး။ ရက်ရွှေ့လို့ အချိန်ရတာကြောင့် ဝမ်းသာပါတယ်” လို့ ဒီဇိုင်နာ သျှတ္တရက ပြောပါတယ်။
ယခုနှစ်အတွက် အကယ်ဒမီပွဲမှာတော့ ဒီဇိုင်နာ သျှတ္တရက အကယ်ဒမီ စိုးမြတ်သူဇာအတွက် ဝတ်စုံ ချုပ်ပေးဖို့ စီစဉ်ထားပြီး တခြားသော အနုပညာရှင်များကတော့ ရက်ရွှေ့သွားတာကြောင့် မသေချာသေးဘူးလို့ သိရပါတယ်။
“အကယ်ဒမီကတော့ မကြီးစိုးကို အဓိက ဖန်တီးပေးမယ်ပေါ့။ ကျန်တဲ့ လူတွေကတော့ ရက်ရွှေ့တာတွေဘာတွေနဲ့ဆိုတော့ သိပ်တော့ မသေချာဘူး။ မကြီးစိုးကတော့ သားရယ် အဆင်ပြေတာလုပ်ထားလိုက် မကြီးဝတ်မှာ ရက်တွေ ရွှေ့ရင်လည်း သားပဲ အဆင်ပြေသလို လုပ်ထားဆိုတော့ မကြီးတယောက်က သေချာတယ်”လို့ ဒီဇိုင်နာ သျှတ္တရက ပြောပါတယ်။
အရောင်အနေနဲ့လည်း အရောင်တောက်တဲ့ အရောင်များ ခေတ်စားနေပြီး စိုးမြတ်သူဇာအတွက်တော့ အရမ်းမဆန်းထားဘူးလို့ သိရပါတယ်။
“ဒီနှစ်ကတော့ အရောင်တောက်ပြီး Bright ဖြစ်တဲ့အရောင် အဝါတို့၊ လိမ္မော်တို့လိုဟာကို နည်းနည်းလျော့တာတွေ ခေတ်စားတယ်။ မကြီးအတွက်ကတော့ အရောင်တော့ အရမ်းမဆန်းထားဘူး။ ပုံမှန် အရောင်ထဲမှာပဲ။ မကြီးကသူလည်း အသက်ကြီးပြီ။ ငါ့အသက်အရွယ်နဲ့ လိုက်တာပဲ လုပ်ပေးပါတဲ့ အဲ့တော့ Elegant ဖြစ်တဲ့ ဘက်သွားမှာပါ”လို့ သျှတ္တရက ပြောပါတယ်။
ဒီဇိုင်နာ သျှတ္တရကတော့ မကြာခင်ကလည်း သီဟသုဓမ္မမဏိဇောတဓရဆု ရရှိခဲ့တဲ့ ကိုချမ်းမြေ့ဆွေအား ပြည်တန်ပတ္တမြားများနဲ့ ပေါင်းစပ် ဖန်တီးထားတဲ့ မြန်မာ့အမျိုးသားဝတ်စုံကို ချုပ်လုပ် ဖန်တီးပေးခဲ့ပါတယ်။ ဒီဝတ်စုံရဲ့ တန်ဖိုးက သိန်းသောင်းချီခဲ့တဲ့အတွက်ကြောင့်လည်း အများရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါသေးတယ်။
You may also like these stories:
ရုပ်ရှင် ရုံတင်ဖို့ထက် ကျန်းမာရေးက အရေးကြီးဆုံးပဲလို့ ပြောလိုက်တဲ့ မိုးဟေကို
“အောင်ဆန်း” ရုပ်ရှင်မှာ ဝတ်စုံဒီဇိုင်းတွေ ကြိုးစားထားတဲ့ မိုးကုတ်ပေါက်ပေါက်တို့ အဖွဲ့