ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက် ပျံ့နှံ့နေတဲ့ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ ရုပ်ရှင်အသိုင်းအဝန်းကတော့ တဖြည်းဖြည်းချင်း အားပြန်ယူလာနေပြီး လာမယ့် သီတင်းပတ်တွေအတွင်း နိုင်ငံထဲမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်တချို့ကို ရုံတင်ပြသဖို့ရှိနေပါတယ်။ အခုလောလောဆယ် ထွက်ပေါ်လာတဲ့သတင်းတွေအရ တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှုန်းဟာ တဖြည်းဖြည်းနှေးကွေးလာပြီဖြစ်တယ်လို့ သိရပါတယ်။
မတ်လ ၁၈ ရက်နေ့အထိ COVID-19 ထပ်တိုးကူးစက်ခံရသူ ၉၃ ဦးအထိ ရှိခဲ့ပြီး စတင်ဖြစ်ပွားတဲ့အချိန်ကနေ အခုလအထိ ကူးစက်ခံရသူ ၈၄၁၃ ဦးနဲ့ သေဆုံးသူ ၈၄ ဦးအထိ ရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်အဆိုတော်နဲ့ မင်းသမီး Judy Garland ရဲ့ အတ္ထုပ္ပတ္တိအကြောင်း ရိုက်ကူးထားတဲ့ “Judy” ရုပ်ရှင်ကို လာမယ့် မတ်လ ၂၅ ရက်နေ့မှာ ဖြန့်ချိမှာဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်မှာ Garland အဖြစ်ပါဝင်ထားတဲ့ မင်းသမီး Renee Zellweger က ပြီးခဲ့တဲ့လမှာ ကျင်းပခဲ့တဲ့ အော်စကာဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ဆောင်မင်းသမီး ဆုကို ရရှိခဲ့ပါတယ်။
အဲ့ဒီရုပ်ရှင်ကိုလာမယ့် မတ်လ ၁၂ ရက်နေ့မှာ ပြသဖို့ စီစဉ်ထားခဲ့ပေမယ့် အဲ့ဒီအချိန်တုန်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှု အရှိန်မြင့်နေခဲ့တာကြောင့် ပြသမယ့်ရက်ကိုရွှေ့ဆိုင်းခဲ့ရတာလည်း ဖြစ်ပါတယ်။
ဒေသတွင်း ဖြန့်ချိသူ The Content On က “ကျနော်တို့ဟာ နိုင်ငံတဝန်း COVID-19 ကူးစက်မှုတွေနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေကြောင့် ပြသမယ့်ရက်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ အခုတော့ ကျနော်တို့ကို ခွန်အားနဲ့ ထောက်ခံမှု ပေးခဲ့တဲ့ ကျနော်တို့ရဲ့ ပရိသတ်တွေထံကနေ တောင်းဆိုမှုတွေရရှိလာလို့ လာမယ့်မတ်လ ၂၅ ရက်နေ့မှာ ‘Judy’ ရုပ်ရှင်ကိုပြသဖို့ ဆုံးဖြတ်လိုက်ပါပြီ” လို့ ထုတ်ပြန်ထားပါတယ်။
တချိန်တည်းမှာပဲ ကုန်ကျစရိတ်နည်းပါးတဲ့ ရုပ်ရှင်တော်တော်များများဟာလည်း မတ်လနှောင်းပိုင်းမှာ ပြသဖို့ စီစဉ်ထားပါတယ်။ မင်းသမီး Kim So-eun ပါဝင်ထားတဲ့ “Are You In Love?” အမည်ရှိအချစ်ရုပ်ရှင်ကိုလည်း လာမယ့် မတ်လ ၂၅ ရက်နေ့မှာ ပြသသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့မှာ မီဒီယာတွေကို ပြသခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒီကားကတော့ ထူးဆန်းတဲ့စာအုပ်တအုပ်ကို ရရှိခဲ့တဲ့နောက် ချစ်ခင်စုံမက်ခဲ့ကြတဲ့ စုံတွဲတတွဲရဲ့ အချစ်ဇာတ်လမ်း အကြောင်း ဖြစ်ပါတယ်။
ကိုရီးယားနိုင်ငံမှာ အိမ်ထောင်ဦးစီးသည်သာ ပထမဆိုတဲ့အချက်ကို သရော်ထားတဲ့ “Move the Grave” ရုပ်ရှင်ကိုလည်း အလားတူနေ့ရက်မှာပဲ ရုံတင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မတ်လ ၂၆ ရက်နေ့မှာ “It Comes” အမည်ရှိ ဂျပန်သည်းထိတ် ရင်ဖိုရုပ်ရှင်ကိုလည်း ပြသဖို့ရှိနေပါတယ်။ “50 First Dates” ဆိုတဲ့ အမေရိကန် အချစ်ဟာသရုပ်ရှင်ကို ပြန်လည်ရိုက်ကူး ထားတဲ့ “50 First Kisses” ရုပ်ရှင်ကိုလည်း ရုံတင်ဦးမှာဖြစ်ပါတယ်။
မသေချာမှုတွေကြောင့် ကုန်ကျစရိတ်မြင့်မားတဲ့ရုပ်ရှင်တွေကိုတော့ မကြာခင်အနာဂတ်ကာလတခုမှာ ရုံတင်ပြသနိုင်ဖို့ ဖြန့်ချိသူတွေက ပြင်ဆင်ထားကြပါတယ်။ Walt Disney ရဲ့ “Mulan” ၊ “No Time To Die” နဲ့ “F9” ရုပ်ရှင်တွေအပါအဝင် နာမည်ကျော် ဟောလိဝုဒ် ရုပ်ရှင်တွေကိုလည်း အခုနွေဦးပေါက်ကာလမှာ ပြသခြင်း ပြုတော့မှာမဟုတ်ဘဲ ရက်ရွှေ့ဆိုင်းလိုက်ကြပြီး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ကိုရီးယားနိုင်ငံမှာ ရုပ်ရှင်ရုံမှာ ကြည့်ရှုသူပရိသတ်အရေအတွက်ဟာ ၇ ဒဿမ ၃၇ သန်းအထိ ကျဆင်းခဲ့ပြီး ၁၅ နှစ်အတွင်းမှာ အနည်းဆုံး ပမာဏဖြစ်ခဲ့ပါတယ်။
Ref:Yonhap
You may also like these stories:
“ကိုရိုနာကြောင့် ရုပ်ရှင်ရုံတွေ ပိတ်မယ်ဆို လိုက်နာသင့်တယ်”လို့ ဒါရိုက်တာ စတီးလ် ပြော
“Mulan” ရုပ်ရှင်ကို အားပေးခဲ့တဲ့ The Rock နဲ့ Brie Larson ဝေဖန်ခံနေရ