Entertainment

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုပြုလုပ်ကြတဲ့ အနုပညာရှင်များ

လတ်တလော ပြည်သူများကြားမှာ စိုးရိမ်ပူပန်မှုများဖြစ်နေကြတဲ့ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲလမ်းသဘင်များ ၊ လူစုလူဝေးနေများကို မစုစည်းစေဘဲ တားမြစ်ခဲ့ပါတယ်။ ကမ္ဘာကပ်ရောဂါအဖြစ်လည်း မတ်လ ၁၃ရက်နေ့က ကြေညာခဲ့တာကြောင့် အနုပညာရှင်များက ပရိသတ်များကို ဂရုတစိုက်နေထိုင်ကြရန်နဲ့ ကြိုတင်ကာကွယ်ကြဖို့အတွက် အခုလို အသီးသီးပြောပြထားကြပါတယ်။

ဟာသ သရုပ်ဆောင်မိုးဒီ

လူများများရှိတဲ့နေရာကို မသွားတော့ဘူး။ ရွှေတိဂုံဘုရားကြီးကို အင်မတန်ကြည်ညိုတယ်။ ငယ်ငယ်လေးကတည်းက ဘုရားကြီးကို အမြဲတမ်းရှိခိုးတယ်။ အခုဘုရားမသွားရဲဘူး။ ကျနော်ဘုရားပေါ်တက်တာ တောင်ဘက်မုဒ် အဲ့မှာ နိုင်ငံခြားသားတွေနဲ့တွေ့တယ်။ မသွားတော့ဘူး လူများများရှိတဲ့နေရာမလို့လေ။ ဒီလိုပဲ တလခွဲလောက်ကတော့ ငြိမ်နေရဦးမှာ။ အဲ့လောက်ကြာရင်တော့ ဒီရောဂါကြီးများပြီးသွားမလားလို့ ဆင်ခြင်ရမှာပဲ။

သရုပ်ဆောင် ထွန်းထွန်း

ဒီဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးတော့ ကျနော်ကိုယ်တိုင်က အရင်ကဆို လက်တွေကို ဆေးလေ့ဆေးထမရှိဘူး။ အခုဆိုသန့်ရှင်းအောင်နေတယ်။ Mask ကို အပြင်သွားရင် အုပ်ထားတာများပါတယ်။ ကျနော်တို့နိုင်ငံမှာ မတွေ့သေးတာကြောင့် ကြောက်တဲ့စိတ်တွေန ည်းနေတာလည်း ပါပါမယ်။ ကိုယ့်ကိုယ်ကိုကာကွယ်နေတာတော့ အကောင်းဆုံးပဲ။ ဘာမဆိုဖြစ်နိုင်တယ်နော်။ ဗိုင်းရပ်စ်က မြင်မှမမြင်ရတာ။

ဒီရောဂါကြီးဟာ တကယ်ကိုကြောက်ဖို့ကောင်းတယ်။ ကျနော်တို့အနေနဲ့ ဒီမှာမဖြစ်သေးလို့သာ ကြောက်စရာကောင်းမှန်း မသိသေးတာလို့ထင်တယ်။ သေချာလေ့လာကြည့်ရင် ကြောက်ဖို့အရမ်းကောင်းပါတယ်။ ဘယ်သူမဆိုဖြစ်နိုင်တယ်။ မြင်လည်းမမြင်ရဘူးဆိုတော့ ကာကွယ်ခြင်းက ကုသခြင်းထက်ထိရောက်တော့ ကျန်းမာအောင်နေကြပါလို့ ပြောချင်ပါတယ်။

သရုပ်ဆောင် မေမီကိုကို

မေမီကတော့ သူတို့ဆင်ခြင်ခိုင်းထားတဲ့အတိုင်း Mask ကတော့ တခါတလေတပ်ဖြစ်တယ်။ လက်ကတော့ အမြဲဆေးဖြစ်တယ်။ ရှုတင်မှာတော့ အဲ့လောက်ကြီးမရှိလောက်ပါဘူး။ အားလုံးကနေကောင်းနေကြတာပဲကိုနော်။

ရိက္ခာတော့မစုဆောင်းဘူး။ ဆင်ခြင်တာတော့ကောင်းပေမယ့် ကောလာဟလ အချိန်အတွင်းမှာတော့ မလုပ်ဖြစ်ဘူး။ အတည်တကျမသိသေးဘူး။ ဘယ်ဟာက အတည်တကျလည်းဆိုတာကို ဆုံးဖြတ်ဖို့လိုသေးတယ်လေ။ ပြောကြတဲ့လူတွေ တော့ အများကြီးသူငယ်ချင်းတွေရော အသိတွေရော အများကြီးပါတယ်။ ရုတ်တရက်ကြီးကျတော့လည်း အဆင်ပြေချင်မှ ပြေမှာလေ။ ကိုယ်ကလည်းအမြဲသုံးသပ်နေတဲ့သူဆိုတော့ ဟုတ်ရဲ့လားပေါ့။ တဖက်မှာလည်း အဲ့လိုရိက္ခာတွေ စုဆောင်း လိုက်တဲ့အခါမှာ ဈေးနှုန်းတွေတက်လာတယ်။ ပြီးတော့ လိုအပ်သူတွေအတွက်စားနပ်ရိက္ခာ အခက်အခဲတွေဖြစ်လာမယ်။

ဒီကူးစက်ရောဂါနဲ့ပတ်သက်ပြီး အကုန်လုံးကကြောက်နေကြတဲ့သူတွေရှိတယ်။ ကြောက်တော့ကြောက်ပေါ့။ ဒါပေမယ့်အရမ်းကြီးတော့ ဆင်ခြင်တုံတရားမဲ့သွားအောင်တော့ မလုပ်ပါနဲ့ပေါ့။ ကောလာဟလတွေထွက်လာတာနဲ့ ကြောက်ကြတယ်။ တခုခုဖြစ်ပြီဆိုတာနဲ့ လူတွေက အကြောက်တရားနဲ့ ဆင်ခြင်တုံတရားကို မခွဲခြားနိုင်ကြဘူး။ အဲ့အကြောက်တရားကပဲ ကိုယ့်ကိုပြန်သတ်နိုင်တယ်။ အရာရာတိုင်းကို ကိုယ့်ကိုယ်ကို ဂရုစိုက်ကြပါလို့။

သရုပ်ဆောင် အိချောပို

ချစ်ရတဲ့ပရိသတ်များလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့အတိုင်း သွားတာလာတာကို သတိနဲ့ဆင်ခြင်ပြီး နေကြပါ။ အားလုံးလည်း ဘေးအန္တရာယ်ကင်းအောင်နေထိုင်ကြပါလို့။ စူတို့ကျတော့လည်း ပွဲလမ်းသဘင်တွေက သွားနေရတာပဲဆိုတော့ Mask ကြီးလည်းအုပ်သွားလို့မရဘူး။

ပရိသတ်တွေက ကိုယ့်လာဖက်ရင်လည်း အဲ့လိုလုပ်လို့မရဘူးပြောလို့မရဘူး။ ချစ်တယ်လေ။ ကိုယ်ကလည်းစည်းကမ်းကို လိုက်နာပါသာပြောရတာလေ ဒီလိုတွေကရှိသေးတော့။ ပရိသတ်တွေကိုတော့ လက်တွေဘာတွေပုံမှန်ဆေး နောက်ပြီး Mask တွေဘာတွေတတ်နိုင်ရင်အုပ်ကြပါလို့။

မြန်မာနိုင်ငံမှာတော့ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့သူ မရှိသေးပေမယ့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူများတဲ့ ရုပ်ရှင်ရုံများကို ခေတ္တပိတ်ထားပြီဖြစ်ပါတယ်။

You may also like these stories:

အကူအညီ လိုအပ်နေတဲ့ ရုပ်ရှင်လောကသားများအတွက် ငွေ၊ ဆီနဲ့ ငါးခြောက်များ လှူဒါန်း

ကိုရိုနာဗိုင်းရပ်စ် မြန်မာနိုင်ငံကို ဝင်မလာပါစေနဲ့လို့ ဆုတောင်းနေတဲ့ အောင်ထက်

Loading