ခန္ဓာကိုယ် ကောက်ကြောင်း အလှကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ သရုပ်ဆောင် အိချောပိုက သူပါဝင်ခဲ့တဲ့ “ပလေယာ” ရုပ်ရှင် ဇာတ်ကားအောင်မြင်တဲ့အပေါ် အတိုင်းမသိဝမ်းသာရတယ်လို့ဆိုပါတယ်။
“ပလေယာကားလေး အရမ်းအောင်မြင်တာ အတိုင်းမသိဝမ်းသာရပါတယ်။ ဒါကလည်းချစ်ရတဲ့ ပရိသတ်တွေကြောင့် အောင်မြင်တယ်လို့ ပြောရမှာပေါ့။ ပါဝင်တဲ့ သရုပ်ဆောင်တွေ အကုန်လုံးကလည်း ဘယ်အခန်းက ပါရတယ်၊ ဘယ်အခန်းက မပါရဘူးဆိုပြီး အဲ့လို စိတ်မရှိတာကြောင့် ပါပါတယ်။ အဘက်ဘက်က ကောင်းမွန်လို့ အခုလိုအောင်မြင်တာလို့ မြင်ပါတယ်”
“ ဇာတ်ဝင်ခန်းကတွေထဲက အမှတ်တရဖြစ်တာက အိန္ဒိယအကလေးကတဲ့ အခန်းလေးက အမှတ်တရဖြစ်တယ်။ ဦးခင်လှိုင်တို့ ကိုမြင့်မြတ်တို့ ကိုထွန်းထွန်းတို့နဲ့ ဆုံတဲ့အခန်းလေးဆိုလည်း ရယ်ရတယ်။ ဦးခင်လှိုင်ငိုတဲ့အခန်းမှာဆို အရမ်းရယ်ချင်တာ။ သူကအိုက်တင်တွေ လုပ်ရင် စူကလည်း အရယ်သန်တော့ စူရယ်တာကို စောင့်ပြီးမှ ရိုက်ပေးကြတယ်။ အဲ့ဒါတွေ အမှတ်တရတွေလည်းဖြစ်တယ်။ အခုဆို ဒီကဝင်ငွေနဲ့ သက်ကြီး တွေကိုရော၊ ကိုလူချောတွေကိုရော လှူပေးတော့ ဘေးကနေပီတိဖြစ် ရပါတယ် ”လို့ အိချောပိုကပြောပါတယ်။
ဇာတ်ကားတကားလာအပ်တဲ့အခါ ကာရိုက်တာပီပြင်အောင် အဝတ်အစား၊ အိုက်တင်တွေတွေကို ဒါရိုက်တာနဲ့ ညှိပြီး လုပ်တယ်လို့အိချောပိုက ပြောပါတယ်။
“များသော အားဖြင့် ကိုယ့်ဝန်းကျင်က လူနေမှု စရိုက်တွေကို သတိထားကြည့်ပြီး သရုပ်ဆောင်တာများတယ်။ နားမလည်ရင်လည်း ဆရာသမားတွေကို မေးတယ်။ ဇာတ်ကားတကား လာအပ်ပြီဆိုရင် ကာရိုက်တာပီပြင်အောင် အဝတ်အစားတွေ၊ အိုက်တင်တွေတွေကို ဒါရိုက်တာနဲ့ ညှိပြီး လုပ်တာပေါ့”လို့ အိချောပိုကပြောပါတယ်။
လတ်တလောအနုပညာလှုပ်ရှားမှုအပိုင်းနဲ့ ပတ်သက်လို့လည်း “လက်တလော မှာတော့ ကြော်ငြာရိုက်ရှိတယ်။ လဆန်း ပိုင်းလောက်တော့ ရုပ်ရှင်ကားကြီးရယ် ဇာတ်လမ်းတွဲရယ် ရိုက်ဖို့ရှိတယ်။ အခုနောက်ပိုင်း လှလာတာက ကိုယ်လည်းပြောင်းလဲ လာတတ်ပြီဆိုတော့ လှလာတာနေမှာပါ” လို့ ဆိုပါတယ်။
အနုပညာပျိုးခင်းရဲ့ စင်တင် မင်းသမီး တယောက်အနေနဲ့ အနုပညာအလုပ်တွေ လုပ်ကိုင်ခဲ့တဲ့ အိချောပိုကတော့ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေပြီး မကြာသေးခင်ကလည်း “ဆုံစည်းခွင့်”ဆိုတဲ့ ရုပ်သံ ဇာတ်လမ်းတွဲ လက်ခံ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။
You may also like these stories:
ရေကူးဝတ်စုံ ဝတ်ပြီး ရိုက်ခဲ့တဲ့ ရုပ်ရှင်အကြောင်း ပြောတဲ့ သရုပ်ဆောင် အိချောပို
အကူအညီ လိုအပ်နေတဲ့ ရုပ်ရှင်လောကသားများအတွက် ငွေ၊ ဆီနဲ့ ငါးခြောက်များ လှူဒါန်း