“ကမ္ဘာကျော်ရုပ်ရှင်” ဇာတ်ကားကိုတော့ ဒါရိုက်တာပြည်ဟိန်းသီဟက သရော်တဲ့ပုံစံမျိုးနဲ့ ရိုက်ကူးထားတာဖြစ်ပြီး လှောင်ပြောင်ပုတ်ခတ်ချင်တဲ့ဆန္ဒမပါဘူးလို့ ဆိုပါတယ်။
“အဲ့ကားကတော့ ကျနော်တို့က သရော်တဲ့သဘောမျိုးပါ။ ဘယ်သူ့ဘယ်သူကိုမှ ပုတ်ခတ်တာမဟုတ်ပါဘူး။ အဓိကက ကလေးတွေပေါ့။ ဒါတွေကို အားပေးချင်တယ်ဆိုရင်လည်း ကျနော်တို့နိုင်ငံမှာ မရိုက်နိုင်ဘူးလေ။ ကျနော့်သားတွေလည်း အိမ်မှာဒီကားတွေပဲ ကြည့်တာဆိုတော့ ဘာပဲပြောပြောကလေးတွေအတွက်ပေါ့”
“ ပေးချင်တဲ့ Message လေးကတော့ ကျနော်တို့ဒီနိုင်ငံနဲ့ နိုင်ငံတကာနဲ့ တကယ်တမ်းကျရင် သွားကြမယ်ဆိုရင် လောလောဆယ် အဆင်မပြေသေးဘူးဆိုတာကို ပြချင်တာပါ” လို့ ပြည်ဟိန်းသီဟက ပြောပါတယ်။
ကမ္ဘာကျော်စူပါဟီးရိုးဇာတ်ကောင်များနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ “ကမ္ဘာကျော်ရုပ်ရှင်” ဆိုတဲ့ ဇာတ်ကားထဲက စူပါဟီးရိုးဝတ်စုံများကိုတော့ သရုပ်ဆောင်ထားတဲ့ Actor များကိုယ်တိုင် ဖန်တီးထားတာဖြစ်တယ်လို့ ဒါရိုက်တာပြည်ဟိန်းသီဟက ပြောပါတယ်။
“ဝတ်စုံတွေကတော့ Actor တွေကပဲ ဖန်တီးတာ။ နဂိုကတည်းက ဟာသကားဖြစ်တဲ့အတွက်ကြောင့် ဟာသပုံစံပဲ ဖန်တီးခိုင်းထားတာပေါ့နော်။ မူရင်းကာရိုက်တာရဲ့ပုံရိပ်လည်း သွားမထိအောင်ပေါ့။ အဓိကက သရော်တာပါ။ သူတို့ကိုလည်း လှောင်ပြောင်စော်ကားတာ မဟုတ်ဘူး။ လွန်ခဲ့သော ၂၀၁၇ ကရိုက်ထားတဲ့ဇာတ်ကားပါ”
“ အခုလက်ရှိမြန်မာ့ရုပ်ရှင်လုပ်ငန်း လက်တွေ့ရိုက်ကူးရတဲ့ အတိုင်းအတာနဲ့ တကယ်တမ်းနိုင်ငံတကာမှာ လုပ်နေတဲ့ဟာနဲ့ လက်တွေ့လုပ်ကြတဲ့အခါ အဆင်မပြေမှုလေးတွေရှိတယ်။ အဲဒါလေးတွေချပြတဲ့သဘောပါ” လို့ ဒါရိုက်တာပြည်ဟိန်းသီဟ က ပြောပါတယ်။
ကမ္ဘာကျော်ရုပ်ရှင် ထဲမှာတော့ ကျော်ကျော်ဗိုလ် ၊ ဖြိုးငွေစိုး ၊ ရဲလေး ၊ ကောင်းပြည့် ၊ စိုးမြတ်သူဇာ ၊ ယုသန္တာတင် ၊ သွန်းဆက် ၊ နန်းခင်ဇေယျာ ၊ အရိုင်း ၊ ဒိန်းဒေါင် ၊ ဂျိုကာ အစရှိတဲ့သရုပ်ဆောင်များစွာပါဝင်သရုပ်ဆောင်ထားပါတယ်။
အဆိုပါရုပ်ရှင်ရဲ့ ပိုစတာထွက်လာတဲ့အချိန်မှာလည်း စူပါဟီးရိုးပရိသတ်များရဲ့ ဝေဖန်မှုများစွာခံခဲ့ရပြီး သရုပ်ဆောင်များကိုလည်း ပြစ်တင်ရှုတ်ချခဲ့တာကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒါရိုက်တာပြည်ဟိန်းသီဟက အခုလိုပြောပါတယ်။
“မှားတာရှိလည်း တောင်းပန်ပါတယ်။ ဒါသူတို့ကိုလည်းစော်ကားတာ မဟုတ်ပါဘူး။ “လူတကိုယ် အကြိုက်တမျိုး”ပေါ့နော်။ ဒါကသရော်တဲ့သဘောပါ။ သရော်တဲ့သဘောကို နားလည်ရင်တော့ သူတို့လည်း အားလုံးအဆင်ပြေသွားမှာပါ။ နိုင်ငံခြားမှာလည်းရှိပါတယ်။ ကာရိုက်တာကိုပေါတာမျိုးမဟုတ်ပါဘူး”
“ အဓိကက ကျနော်တို့ကနိုင်ငံတကာနဲ့ အဆင်မပြေသေးတဲ့အတွက် ဒါမျိုးတွေသဟဇာတမဖြစ်သေးတဲ့အကြောင်းကို ပြချင်တဲ့ကိစ္စပါ” လို့ ပြည်ဟိန်းသီဟကပြောပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကရိုက်ကူးတာဖြစ်တဲ့အတွက် မှားတာတွေရှိခဲ့မှာဖြစ်ပြီး နောက်ပိုင်းမှာပိုမိုကြိုးစားလာတဲ့အတွက် နားလည်ပေးကြဖို့လည်း ပြောခဲ့ပါတယ်။
“ရိုက်ခဲ့တာကလည်း ၂၀၁၇ လောက်ဆိုတော့ ၃နှစ်လောက်ရှိပြီဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ဘက်က မကောင်းတာ တွေလည်းရှိချင်ရှိမယ်။ နောက်ပိုင်းမှာတော့ ကျနော်တို့ဘက်က ကြိုးစားလာတယ်။ ရှေ့ကလုပ်ခဲ့တာတွေကို အပြစ်ပြောနေ မယ်။ ပြန်ပြောနေမယ်ဆိုရင် ကျနော်တို့လည်း ရှေ့ဆက်ချီတက်ရမှာ တမျိုးဖြစ်တာပေါ့။ ကောင်းတာလည်းရှိမယ်။ ဆိုးတာလည်းရှိမှာဖြစ်တဲ့အတွက် လူသားခြင်းစာနာမှုနဲ့နားလည်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ပြောပါတယ်။
မကြာခင်က ရုံတင်ပြသခဲ့တဲ့ ဒါရိုက်တာပြည်ဟိန်းသီဟရိုက်ကူးခဲ့တဲ့ “ပလေယာ” ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ဝင်ငွေစံချိန်ချိုးကာ ဝင်ငွေကောင်းတဲ့ရုပ်ရှင်ဇာတ်ကား ဖြစ်ခဲ့ပါတယ်။
You may also like these stories:
“ရုပ်ရှင်ရိုက်ဖို့အတွက် အိပ်မက်တောင် မမက်ဖူးဘူး”လို့ ပြောတဲ့ မိတ်ကပ် ဆူး\
“ပလေယာ” ရုပ်ရှင်မှာ စိုးမြတ်သူဇာနဲ့ လင်မယားပုံစံ သရုပ်ဆောင်ထားတဲ့ ခင်လှိုင်
“ပရိသတ်ကို ရယ်စေ၊ ပျော်စေချင်လို့ ဟာသကားတွေ အရိုက်များတာ”လို့ ပြည်ဟိန်းသီဟ ပြော