COVID-19 ရောဂါကြောင့် မကြာခင် ရုံတင်ပြသမယ့် “Black Widow” ရုပ်ရှင်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။
မင်းသမီး စကားလက်ဂျိုဟန်ဆန် ပါဝင်ထားတဲ့ အဲ့ဒီရုပ်ရှင်ကို ကမ္ဘာတဝန်း ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းလိုက်ရပြီးတဲ့နောက် ဟောလိဝုဒ်နဲ့ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ ဖျော်ဖြေရေး လုပ်ငန်းတွေအတွက် နှောင့်နှေးကြန့်ကြာမှုတွေ ဆက်တိုက် ဖြစ်ပေါ် လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့မှာပဲ “Captain America: Civil War” နဲ့ “Avengers: Infinity War” ကြားကာလတခုမှာ ဇာတ်အိမ်တည်ထားတဲ့ တကိုယ်တော် ရုပ်ရှင်ကို ယခင်က စီစဉ်ထားတဲ့အတိုင်း ကမ္ဘာတဝန်းမှာ မေလ ၁ ရက်နေ့ ပြသနိုင်တော့မှာ မဟုတ်ဘူးလို့ Disney က ကြေညာခဲ့ပါတယ်။
ဒါ့အပြင် အဲ့ဒီစတူဒီယိုဟာ လာမယ့် မေလ ၈ ရက်နေ့မှာ ရုံတင်ဖို့ ပြင်ဆင်ထားတဲ့ မင်းသား Dev Patel ရဲ့ “The Personal History of David Copperfield” ရုပ်ရှင်နဲ့ ဧပြီလ ၁၅ ရက်နေ့မှာ ဖြန့်ချိဖို့ ပြင်ဆင်ထားတဲ့ မင်းသမီး Amy Adams ရဲ့ “The Woman in the Window” ရုပ်ရှင်တွေကိုလည်း ရွှေ့ဆိုင်းထားလိုက်ပါတယ်။ အဲ့ဒီရုပ်ရှင်တွေ ရုံတင်ပြသမယ့် ရက်ကိုတော့ အခုအချိန်အထိ ကြေညာထားတာ မရှိသေးပါဘူး။
Disney ဟာ “Mulan” ၊ “The New Mutants” နဲ့ “Antlers” ရုပ်ရှင်တွေ ရုံတင်မယ့်ရက်ကို ရွှေ့ဆိုင်းထားပြီးတော့ “Black Widow” ရုပ်ရှင်ကိုလည်း ရွှေ့ဆိုင်းလိုက်ကြောင်း အခုလိုမျိုး ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် “F9” ၊ “No Time to Die” ၊ “A Quiet Place: Part II” နဲ့ “Peter Rabbit 2: The Runaway” ရုပ်ရှင်တွေကိုလည်း ရွှေ့ဆိုင်းထားလိုက်ရပါတယ်။ Boxoffice.com မှ လေ့လာရေးမှူးချုပ် Shawn Robbins က “Black Widow” ရုပ်ရှင်ကို ရွှေ့ဆိုင်းလိုက်ရတာဟာ ကျန်ရှိတဲ့ Marvel ရုပ်ရှင်တွေအပေါ် သိသာထင်ရှားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။
MCU ကနေရိုက်ကူးပြသနေတဲ့ ရုပ်ရှင်တွေတခုနဲ့ တခုဟာ ချိတ်ဆက်ထားတာ ဖြစ်ပြီး ရုပ်ရှင်တကားထဲမှာ နောက်ထွက်လာမယ့် ရုပ်ရှင်အတွက် လျှို့ဝှက်ချက်တွေ ထည့်ပေးထားတာ ဖြစ်တာကြောင့် ထိခိုက်မှု ရှိနိုင်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် Marvel ရုပ်ရှင်တွေဟာ ဘာအကြောင်းပဲ ရှိရှိ သူတို့ စီစဉ်ထားတဲ့အတိုင်း ရုပ်ရှင်တကားချင်းစီကို ရုံတင်ပြသရတာ ဖြစ်ပါတယ်။
Disney+ ကနေ ထုတ်လွှင့်မယ့် “The Falcon and the Winter Soldier”၊ “WandaVision” နဲ့ “Loki” စီးရီး တွေကိုလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထုတ်လုပ်မှုတွေ ရပ်ဆိုင်းထားလိုက်ရပါတယ်။ ဒါ့အပြင် “The Eternals” ၊”Shang-Chi and the Legend of the Ten Rings”၊ “Doctor Strange in the Multiverse of Madness” နဲ့ “Thor: Love and Thunder” ရုပ်ရှင်ရိုက်ကူးရေးတွေဟာလည်း လမ်းတဝက်မှာ ရပ်ဆိုင်းနေခဲ့ရပြီး ဖြစ်ပါတယ်။
Ref: aceshowbiz
You may also like these stories:
Guardians Of The Galaxy အပိုင်း ၃မှာ Jenifer Lawrence ပါဝင်လာနိုင်ခြေရှိ
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုရှိနေပေမယ့် ကိုရီးယားမှာ ရုပ်ရှင်အသစ်တွေ ပြဖို့ရှိနေ
အနုပညာရှင်များစွာ တက်ရောက်မယ့် Met Gala ပွဲကို ရွှေ့ဆိုင်းဖွယ်ရှိနေ