ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပွားနေပေမယ့်လည်း မင်းသား Tom Cruise ဟာ “Mission:Impossible 7” ရုပ်ရှင် ရိုက်ကူးရေးကို ပြန်လည် စတင်နေပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ အဲ့ဒီ ရုပ်ရှင်ရိုက်ကူးရေးဟာ COVID-19 ရောဂါစိုးရိမ်ရမှုကြောင့် ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းတွေကို ရပ်ဆိုင်းထားခဲ့ရတာလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းကစလို့ အခုဆိုရင် ဟောလိဝုဒ် ရုပ်ရှင် တော်တော်များများရဲ့ ရိုက်ကူးရေးတွေကိုလည်း ရပ်ဆိုင်းထားခဲ့ရပြီး ဖြစ်ပါတယ်။
ကမ္ဘာတဝန်းမှာ ရုပ်ရှင်ရုံတွေ ပိတ်ထားရတာကြောင့် လာမယ့် ဧပြီလနဲ့ မေလမှာ ရုံတင်မယ့် ရုပ်ရှင်တွေအားလုံး နီးပါးကို စတူဒီယိုတော်တော်များများက ရွှေ့ဆိုင်းလိုက်ရပြီး ဖြစ်ပါတယ်။ လက်ရှိမှာ ရိုက်ကူးနေတဲ့ ရုပ်ရှင်နဲ့ ရုပ်သံစီးရီးတွေ ရိုက်ကူးမှုတွေကိုလည်း ရပ်ဆိုင်ထားပြီး ဘယ်အချိန်မှာ ရိုက်ကူးရေး ပြန်စနိုင်မယ်ဆိုတာကို မသိရသေးပါဘူး။
ပြန်လည် စတင်ခဲ့တဲ့ “MI 7” ရုပ်ရှင်ရိုက်ကွင်းမှာတော့ မင်းသား Tom Cruise ဟာ သူ့ရဲ့ အမှတ်တံဆိပ် ပုံစံဖြစ်တဲ့ ခပ်ကြမ်းကြမ်း စတန့်ပြကွက်ကို လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။
Daily Mail မီဒီယာကနေ ဖြန့်ချိလိုက်တဲ့ ရိုက်ကူးရေး ဓာတ်ပုံတွေထဲမှာတော့ မင်းသား Cruise ဟာ မော်တော်ဆိုင်ကယ်စီး စတန့်ပြကွက်ကို လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးကိုတော့ အီတလီနိုင်ငံကနေ ယူကေနိုင်ငံဆီကို ပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။
ကိုရိုနာကြောင့် ရပ်ဆိုင်ထားခဲ့ရတဲ့ ထုတ်လုပ်ရေး လုပ်ငန်းတချို့ ပြန်စခဲ့တဲ့ ရုပ်ရှင်စီးရီးတွေထဲမှာ “MI 7” ရုပ်ရှင်က ပထမဆုံးဖြစ်လာခဲ့ပြီး ရိုက်ကူးရေးလုပ်ငန်းတွေ အပြီးသတ်တော့မယ့် Netflix ရဲ့ Season 4 ကိုလည်း လက်စသတ်နေပြီလည်း ဖြစ်ပါတယ်။
အခုလိုမျိုး “MI 7” ရုပ်ရှင်ရဲ့ ဆက်လက်ရိုက်ကူးရေး လုပ်ငန်းတွေ လုပ်ဆောင်မှုဟာ ဘယ်လောက် ကြာမြင့်မယ်ဆိုတာကိုတော့ မသိရသေးပေမယ့် အင်္ဂလန်နိုင်ငံမှာပဲ ရိုက်ကူးရေးတွေ အပြီးသတ်လုပ်ဆောင်သွားနိုင်ဖွယ် ရှိနေပါတယ်။
လာမယ့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ ရုံတင်ဖို့ ပြင်ဆင်ထားတဲ့ MI 7 ရုပ်ရှင်ရိုက်ကူးရေးတွေကို အမြန်ဆုံး အပြီးသတ်နိုင်မှသာ ဒါရိုက်တာ Christopher McQuarrie က ရုပ်ရှင်ရဲ့ Post-production ပိုင်းကို အလျင်အမြန် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ နောက်ထပ် နှောင့်နှေးမှု ရှိလာမယ်ဆိုရင်တော့ ရုပ်ရှင်ကို စီစဉ်ထားတဲ့အချိန်မှာ ပြသနိုင်တော့မှာ မဟုတ်ဘူးလို့ ယူဆရပါတယ်။
Ref: screenrant
You may also like these stories:
အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရက်အတွင်း သေဆုံးသူ ၄၇၅ ဦးရှိ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သြစတြေးလျ လေကြောင်းလိုင်း ဝန်ထမ်းများ အလုပ်လက်မဲ့ဖြစ်
COVID-19 အကြောင်း အွန်လိုင်းကနေ အခမဲ့ သင်ကြားပေးမယ့် သင်တန်း