မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံခဲ့ရပြီး အချုပ်ထဲမှာ အချိန် ၁ နှစ်ခွဲ နေထိုင်ခဲ့ရပြီးနောက် ပြန် လွတ်လာတဲ့ အဆိုတော် ရွှေထိုက်ဟာ ထောင်ထဲမှာ နေခဲ့ရတုန်းက ဘာသာရေးကို ပိုလုပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“တနှစ်ခွဲကြာတဲ့အချိန်မှာ ပရိသတ်တွေ ရှေ့ရောက်တော့မှာဆိုတော့ အရမ်းပျော်ပါတယ်။ ပရိသတ်ကလည်း ကြိုဆိုကြတော့ အရမ်းဝမ်းသာပါတယ်။ ကျမ လွတ်ခဲ့တာတော့ ၂ လလောက် ရှိပြီပေါ့။ အထဲက အတွေ့အကြုံတွေက စိတ်မကောင်းစရာတွေချည်းပဲ”
“ထောင်ထဲမှာ နေခဲ့ရတုန်းက ကိုယ့်ကိုယ်ကိုယ် အနားပေးလိုက်တယ်လို့ သဘောထားပြီး လောဘလည်း မကြီးတော့ဘူး။ ဘုရား၊ တရားလည်း ပိုလုပ်ဖြစ်တယ်။ လူတွေနဲ့လည်း စကားတွေ ပြောဖြစ်တယ်။ ဘာအမှုဖြစ်တာလဲ မေးတယ်။ အရင်တုန်းကဆို ကျမက ပရိသတ်တွေနဲ့တောင် စကားနည်းနည်းပဲ ပြောဖြစ်တာ အခုလို ဖြစ်သွားတော့ လူတွေကြားထဲ ရောက်သွားသလို ခံစားရတယ်”လို့ အဆိုတော် ရွှေထိုက်က ပြောပါတယ်။
အခုလို မူးယစ်ဆေးဝါးအမှုနဲ့ အချုပ်ထဲမှာ အမှုကို အချိန် ၁ နှစ်ကျော်ကြာ ရင်ဆိုင်ခဲ့ရတဲ့အတွက် ဘဝ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေ အများကြီး ရတယ်လို့ ရွှေထိုက်က ဆိုပါတယ်။
“ကိုယ်တိုင်လည်း သင်ခန်းစာတွေ ယူတယ်။ အတွေ့အကြုံတွေလည်း အများကြီးရခဲ့ပါတယ်။ ဂီတမောင်နှမတွေလည်း အမေ့ကို ဖုန်းဆက်မေးကြတယ်။ ကျမကတော့ အခုလို အဖြေမှန်ပေါ်ပြီး ပြန်လွတ်လာတာနဲ့တင် အရမ်းဝမ်းသာရတယ်။ အကုန်လုံးက အခု နွေးနွေးထွေးထွေး ကြိုဆိုကြတယ်”လို့ ရွှေထိုက်က ပြောပါတယ်။
ပထမဆုံး ပရိသတ်တွေနဲ့ ပြန်တွေ့မယ့်ပွဲမှာ COVID-19 ရောဂါတွေကြောင့် ရက် နောက်ဆုတ်သွားတဲ့အတွက် စိတ်မကောင်းဘူးလို့ ရွှေထိုက်က ဆိုပါတယ်။
“အနုပညာနဲ့ ပြန်လည်ရပ်တည်မယ်လို့ ဆုံးဖြတ်ထားတာကြောင့် အနုပညာတွေနဲ့ ရှေ့ဆက်လျှောက်လှမ်းပါမယ်။ အများကြီး ကြိုးစားသွားပါမယ်။ ပြန်ထွက်လာတော့ အများကြီး တက်ကြွလာတာပေါ့။ သီချင်းသစ်တွေ လုပ်ဖို့လည်း ကြိုးစားသွားမယ်။ ရွှေသံစဉ် တေးဂီတ ၃၈ နှစ်ပြည့်ပွဲ ရှိတယ်ပေါ့နော်။ အဲဒီမှာ ကိုဝင်းမော်က ပွဲတက်ရုံတင်မကဘူး၊ သီချင်းပါ ဆိုပေးရမယ်လို့ ကမ်းလှမ်းလာတယ်။ ဒါပေမဲ့ အခုရောဂါတွေ ဖြစ်နေတော့ မေလဆန်းလောက်ထိ ရက်ရွေ့ထားတယ်”
“ပထမဆုံး ပြန်တွေ့ရမယ့်ပွဲလေး မဆုံရတော့ စိတ်တော့မကောင်းဘူးပေါ့။ အမြန်ဆုံး ကပ်ဘေး မကျရောက်ဘဲ ကျော်လွှားသွားနိုင်ပါစေလို့ ဆုတောင်းပါတယ်။ ပရိသတ်တွေနဲ့ တွေ့ဖို့ နှောင့်နှေးသွားတာပေါ့။ သင်္ကြန်ပွဲတွေ မရှိတော့ တရားစခန်းသွားဖြစ်မှာပါ”လို့ ရွှေထိုက်က ပြောပါတယ်။
အဆိုတော် ရွှေထိုက်က မူးယစ်ဆေးဝါး အမှုနဲ့၂၀၁၈ ခုနှစ်၊ သြဂုတ်အတွင်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး အမှုရင်ဆိုင်ပြီးနောက် ၁ နှစ်ခွဲအကြာ ၂၀၂၀ နှစ်ဦးပိုင်းမှာ ပြန်လည် လွတ်မြောက်လာခဲ့တာပါ။
အဆိုတော် ရွှေထိုက်ဟာ ဂီတလောကမှာ “ငိုနေမယ် မိုးသည်းထဲမှာ” ၊ “မင်းကတော့ ဘယ်မှာ” ၊ “သီချင်းလေးအတိုင်း” စတဲ့ သီချင်းများနဲ့ ပရိသတ် အားပေးမှု ရရှိခဲ့သူ ဖြစ်ပါတယ်။
You may also like these stories:
အကူအညီ လိုအပ်နေတဲ့ ရုပ်ရှင်လောကသားများအတွက် ငွေ၊ ဆီနဲ့ ငါးခြောက်များ လှူဒါန်း