ယုန်လေးက သူကိုယ်တိုင် ရိုက်ကူးထားတဲ့ “Original Gangster 3” ရုံတင်ခါနီးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုပ်ရှင်ရုံများပိတ်လိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်နေပြီး ရုပ်ရှင်ထက် သူတို့ကို အားပေးနေတဲ့ အခြေခံလူတန်းစားများ ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးခဲ့ပါတယ်။
“ဒီကိစ္စကြီး တကယ်မဖြစ်ပါစေနဲ့ ဆုတောင်းရတယ်။ ဖြစ်လာရင် ကျနော်တို့နိုင်ငံက မတွေးရဲဘူး။ အဲ့တော့ ကျနော်တို့ကို အားပေးနေတဲ့ အခြေခံလူတန်းစားတွေ ဘာမှမဖြစ်ပါစေနဲ့ပဲ ဆုတောင်းပါတယ်။ တခုခုဆိုရင်လည်း ကျနော်တို့ လက်နှေးမှာ မဟုတ်ပါဘူး။ အင်နဲ့အားနဲ့ ရတဲ့နေရာကနေ ရသလောက်ဝန်းရံမှာပါ”လို့ အဆိုတော် ယုန်လေးက ပြောပါတယ်။
ဒီရောဂါကပ်ဆိုးကြီးကိုလည်း တကယ်မဖြစ်ပါစေနဲ့ ဆုတောင်းပြီး ဖြစ်ခဲ့ရင်လည်း စိတ်မကောင်းရုံနဲ့ မပြီးသွားဘဲ မျှဝေခံစားပြီး ရအောင် ကူတဲ့သူတွေပါလို့ ယုန်လေးက ဆိုပါတယ်။
“တကယ်မဖြစ်စေနဲ့ ဆုတောင်းတယ်။ တကယ်ဖြစ်မယ်ဆိုရင်တော့ အားလုံးလည်း တွေ့မြင်နေတာပါ။ ကျနော်တို့ သမိုင်းတွေလည်း ရှိပါတယ်။ အရှေ့မှာလည်း ကျနော်တို့ လိုအပ်တာနဲ့ လိုအပ်သလို ကူညီတဲ့သူတွေပါ။ စိတ်မကောင်းပါဘူး တလုံးနဲ့ နေတဲ့သူတွေ မဟုတ်ပါဘူး။ မျှဝေခံစားပြီး ရအောင် ကူတဲ့သူတွေပါ” လို့ ယုန်လေးက ပြောပါတယ်။
ယုန်လေးရဲ့ Original Gangster 3 ရုပ်ရှင်ကိုတော့ ရုပ်ရှင်ရုံများ စတင်ပိတ်ခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က Red Carpet Show ပြုလုပ်ရန် စီဉ်ထားပေမယ့် မလုပ်ဖြစ်ခဲ့ဘဲ ရပ်တန့်ခဲ့ရပါတယ်။
“စစချင်းတုန်းကတော့ ကိုယ်တွေ အရမ်းကြိုးစားထားတဲ့ဟာ အခက်အခဲ အရမ်းများတယ်။ အဲဒါကိုမှ ထက်ပြီး ခက်ခဲသွားတယ်ဆိုတော့ စိတ်မကောင်းတော့ ဖြစ်တာပေါ့။ ဒါပေမဲ့ စဉ်းစားပြီး ခေါင်းအေးတဲ့အချိန်မှာတော့ အားလုံးကို ယှဉ်ပြီး ခြုံကြည့်လိုက်တဲ့အခါမှာ ကျနော်တို့ထက် ဆိုးမယ့်၊ ဒုက္ခရောက်မယ့် လူတွေရှိတော့ မဖြစ်စေချင်ဘူး”
“ကျနော်တို့ကားက ဘာမှ မဟုတ်ဘူးဗျာ။ အခြေခံ လူတန်းစားတွေနဲ့ ယှဉ်ရင်၊ တခြားသူတွေ ဒုက္ခဖြစ်မှာကိုတော့ စိတ်ပူမိတယ်။ ဒါကတော့ စိတ်ရင်းအမှန်ပါ”လို့ ယုန်လေးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ယုန်လေးကိုယ်တိုင် ရေးသားသီဆိုထားတဲ့ “စိတ်ကူးနဲ့ပဲ” သီချင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ခဲ့တဲ့အတွက် ဝေဖန်မှုများစွာလည်း ရှိခဲ့ပါတယ်။
“စိတ်ကူးနဲ့ပဲ သီချင်းလေးက အရင်တုန်းက သီချင်းလေးပါ။ ကျနော်ကိုယ်တိုင်လည်း အရမ်းကြိုက်ပါတယ်။ အဲ့အတွက် ဒါလေးကို ဂျက်စီနဲ့ ရိုက်ဖြစ်တာပါ။ ဒီသီချင်းက ၇ နှစ်လောက် ရှိပါပြီ။ ကိုရိုနာဗိုင်းရပ်စ်သီချင်းနဲ့ ပတ်သက်ပြီး တချို့တွေလည်း ကျနော့်ကို ပြောတာ ရှိတယ်။ ဟိုကောင့် သီချင်းထဲမှာတော့ ဆေးပေါ်သွားပြီတဲ့။ ကျနော်လည်း ပေါ်စေချင်လို့ ပေါ်ပြီထင်ပြီးတော့ ဒီလိုမျိုးစဉ်းစားထားတာကို လုပ်လိုက်တာပါ။ ရိုးရိုးသားသားပါပဲ”
“ကျန်တဲ့ဟာတော့ ဘာမှ မရှိပါဘူး။ ကျနော်ဗိုင်းရပ်စ်အကြောင်း စဉ်းစားထားတဲ့ ဇာတ်လမ်းလေး ရှိတယ်။ အဲ့ဇာတ်လမ်းလေး မရိုက်ဖြစ်ခင်မှာ ဘာဗိုင်းရပ်စ်မှန်းတော့ မသိဘူး၊ ကျနော့်ဇာတ်လမ်းထဲမှာက။ အခု ကိုရိုနာလည်းပေါ်တော့ ဒါကိုပဲ ထည့်ပြီးတော့ ရိုက်လိုက်တာပါ။ ကျန်တာ ဘာမှ မရှိပါဘူး” လို့ ယုန်လေးက ပြောပါတယ်။
အဆိုတော် ယုန်လေးကတော့ အဆိုတော် အလုပ်အပြင် ဒါရိုက်တာ တယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးလာခဲ့တာဟာ ရုပ်ရှင်ဇာတ်ကား ၅ ကားခန့် ရှိပြီ ဖြစ်ပါတယ်။
You may also like these stories:
“ထောင်ထဲမှာ နေစဉ်က ဘာသာရေးကို ပိုလုပ်ဖြစ်ခဲ့တယ်”လို့ အဆိုတော် ရွှေထိုက် ပြော
“မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေက မလိုဘူးလို့ ထင်တယ်”
ကိုရိုနာကြောင့် ရပ်နားထားခဲ့တဲ့ “Mission: Impossible 7” ရုပ်ရှင်ရိုက်ကူးရေး ပြန်လည် စတင်