Entertainment

COVID-19 ကြောင့် ကိန်းစ်ရုပ်ရှင်ပွဲတော်ကို ဇွန်လကုန်အထိ ရွှေ့ဆိုင်းထား

Want create site? Find Free WordPress Themes and plugins.

ဖျော်ဖြေရေးလုပ်ငန်းရဲ့ နာမည်ဂုဏ်သိက္ခာ အကြီးမားဆုံး ပွဲအခမ်းအနားတခုဖြစ်တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်ဟာ ပြင်သစ်နိုင်ငံ တဝန်းမှာ အသွားအလာ ကန့်သတ်၊ ဖြတ်တောက်မှုများ လုပ်ဆောင်လာခဲ့ပြီးတဲ့နောက် ပွဲကျင်းပမယ့် ရက်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

လူသေဆုံးမှု များပြားနေတဲ့ COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတဝန်းက ဖျက်သိမ်းခဲ့ရတဲ့ ပွဲအခမ်းအနားတွေထဲမှာ ကိန်းစ်ရုပ်ရှင်ပွဲတော်လည်း ပါဝင်လာပါတယ်။ အဲ့ဒီရုပ်ရှင်ပွဲတော်ကိုတော့ French Riviera အပန်းဖြေစခန်းမှာ လာမယ့် မေလ ၁၂ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားတာပါ။

ပွဲစီစဉ်သူတွေကတော့ လာမယ့် ဇွန်လအကုန် ဒါမှမဟုတ် ဇူလိုင်လအစောပိုင်းအထိ ပွဲကို ရွှေ့ဆိုင်းဖို့ စဉ်းစားနေကြတာလည်း ဖြစ်ပါတယ်။ ကိန်းစ်ပွဲတော်အဖွဲ့က “ပြင်သစ်နဲ့ နိုင်ငံတကာ ကျန်းမာရေး အခြေအနေတွေ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု ရှိလာတာနဲ့ ဖြစ်နိုင်ခြေအတိုင်း ကျနော်တို့ ခွင့်ပြုချက်ရမှာဖြစ်ပြီး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မှာဖြစ်ပါတယ်”လို့ သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ကိန်းစ်ရုပ်ရှင်ပွဲတော်ဟာ ရုပ်ရှင်လုပ်ငန်းထဲမှာ တိုရွန်တို၊ ဘာလင်နဲ့ ဗင်းနစ်ရုပ်ရှင်ပွဲတော်တွေထက် ကြီးမားတဲ့ နှစ်စဉ် ကျင်းပမြဲ ပွဲတခုလည်း ဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ သတင်းရယူဖို့ ဂျာနယ်လစ် ၄၅၀၀ လောက် လာရောက်ကြပါတယ်။ စင်ပြိုင်ရုပ်ရှင်ဈေးကွက်အတွင်းမှာ ဖြန့်ချိရေးနဲ့ ထုတ်လုပ်ရေး သဘောတူညီချက်တွေကိုလည်း ချုပ်ဆို ရယူကြတဲ့ ပွဲလည်း ဖြစ်ပါတယ်။

၁၉၄၆ ခုနှစ်က စတင်ခဲ့တဲ့ အဲ့ဒီပြင်သစ်ပွဲတော်ဟာ ကမ္ဘာတဝန်းမှာရှိတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ဂုဏ်ပြုလေ့ရှိတဲ့ သမိုင်းကို ပိုင်ဆိုင်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကတော့ La Palme d’Or အကောင်းဆုံး ဆုကြီးကို တောင်ကိုရီးယား ဒါရိုက်တာ Bong Joon Ho ရိုက်ကူးတဲ့ “Parasite” ရုပ်ရှင်က ရရှိခဲ့ပါတယ်။ အဲ့ဒီ ရုပ်ရှင်ဟာလည်း အခုနှစ်အတွက် အော်စကာ ဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ကားဆု ရရှိခဲ့ပြီး ဟောလိဝုဒ် တခုလုံးကို အံ့သြမင်သက်စေခဲ့ပါတယ်။

ကိန်းစ်ရုပ်ရှင်ပွဲတော်အတွက် ထိပ်တန်း စပွန်ဆာတွေကတော့ Chopard လက်ဝတ်ရတနာ၊ L’Oreal အလှကုန်၊ Kering ဇိမ်ခံကုမ္ပဏီနဲ့ Renault ကားကုမ္ပဏီတို့ ပါဝင်ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကို ကာကွယ်တားဆီးဖို့ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ကစလို့ ပြင်သစ်နိုင်ငံတဝန်းလုံးမှာ လူအသွားအလာ အားလုံးကို ပိတ်ချလိုက်ပြီး ဖြစ်ပါတယ်။

Ref: straitstimes

You may also like these stories:

ကိုရိုနာကြောင့် နှစ်ပေါင်း ၂၂ နှစ်အတွင်း ရုံဝင်ငွေ အဆိုးဆုံးကို ဟောလိဝုဒ် ကြုံနေရ

ကိုရိုနာနဲ့ ပတ်သက်ပြီး သမ္မတရှီကို ဝေဖန်ခဲ့တဲ့ တရုတ်သူဌေးကြီး တဦး ပျောက်ဆုံးနေ

ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စားသောက်ဆိုင်၊ ကလပ်နဲ့ ရုပ်ရှင်ရုံတွေ အားလုံး ပိတ်ထား

Did you find apk for android? You can find new Free Android Games and apps.
Loading