ဆိုရှယ်မီဒီယာမှာ ဟာသဗီဒီယိုများ ပြုလုပ်ကာ ပရိသတ်ကို ရယ်မောပျော်ရွှင်စေပြီး လူအများရဲ့ အားပေးမှု ရရှိခဲ့တဲ့ သရုပ်ဆောင် ဂျိုကာကတော့ အခုနောက်ပိုင်း ဟာသလုပ်တဲ့သူတွေ များလာတာဟာ မတူတဲ့ ရသတွေ ကြည့်ရတယ်လို့ ပြောပါတယ်။
“ဟာသ လုပ်တဲ့သူ များလာတာက ကောင်းပါတယ်။ မတူညီတဲ့ရသတွေ ကြည့်ရတာပေါ့။ သူတို့အဖွဲ့က ဒီလိုလုပ်တယ်၊ သူတို့က ဒီအထာဆိုပြီးတော့ ရှိတယ်။ ကျနော်လည်း ကျနော့်အထာနဲ့ ကျနော် လုပ်နေတဲ့အတွက် ဟာသလုပ်တဲ့သူတိုင်းကို လေးစားပါတယ်။ အမြဲတမ်းလည်း ပြောဖြစ်ပါတယ်” လို့ ဂျိုကာက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အဆိုတော်များရဲ့ သီချင်းများထဲမှ “နေကောင်းရဲ့လား” ဆိုတဲ့ သီချင်းစာသားများကိုစုပေါင်းကာ ဟာသဗီဒီယိုတခု တင်ခဲ့ပြီး ကြည့်ရှုနှုန်းများစွာ မြင့်တက်ခဲ့ပါတယ်။
“လုပ်ဖြစ်တဲ့ အိုင်ဒီယာကတော့ ပေါ့ပေါ့ပါးပါးပါပဲ။ ကျနော့်အတွက်က တကယ်ကို ပေါ့ပါးပါတယ်။ ခရီးပြန်လာတဲ့ လမ်းလေးမှာ စဉ်းစားထားတာပေါ့။ နေကောင်းလားဆိုပြီး မေးတဲ့သီချင်းတွေ ရှိတယ်နော်ဆိုပြီး တယောက်တပေါက် စဉ်းစားကြရင်းနဲ့ ကျနော်ရယ်၊ ကိုရဲရယ်၊ ရီယိုရယ် စဉ်းစားကြရင်း ဒီသီချင်းလေးတွေ ဖြစ်လာတယ်ပေါ့။ ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကြပြီး ပျော်ကြတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်” လို့ ဂျိုကာက ပြောပါတယ်။
ဒီလို ဟာသဗီဒီယိုများ မရိုက်ဖြစ်တာဟာ နှစ်နဲ့ လနဲ့ ချီကာကြာနေပြီဖြစ်ပြီး သရုပ်ဆောင်ဘက်ကို ရောက်လာကြောင့် နည်းသွားတာဖြစ်တယ်လို့ သိရပါတယ်။
“နှစ်နဲ့ လနဲ့တောင် ချီပြီး ခြားတယ်လို့ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ နောက်ပိုင်းမှာ ကျနော်က သရုပ်ဆောင်ဘက်ကို ရောက်လာတော့ ဟာသဗီဒီယိုလေးတွေ နည်းသွားတယ်။ ပြီးတော့လည်း ကျနော်က Low Profile ပဲ နေတာများတော့ ကိုယ့်ဘာသာ အေးဆေးလေးနေရင်းနဲ့ အိုင်ဒီယာလေး ရပြီး တင်ကြည့်လိုက်ပါမယ်ဆိုပြီး တင်ပြီးတဲ့အချိန်မှာ ဗီဒီယိုလေးက ပေါက်သွားတယ်” လို့ ဂျိုကာက ပြောပါတယ်။
ဆက်လက်ပြီး ဂျိုကာက “နောက်လည်း အလျင်းသင့်ရင်သင့်သလို ကျနော် ဂျိုကြီးဆိုတဲ့ အထာလေးနဲ့ တင်ဖြစ်သွားမှာပါ။ အမြဲတမ်းတော့ မတင်ဖြစ်ဘူး။ ဒီဘက်မှာ ကားရိုက်တွေကလည်း ရှိတဲ့အတွက် ကားရိုက်ကို အာရုံစိုက်ရင် လျော့သွားမှာ စိုးတာကြောင့် အလျင်းသင့်သလို လာမှာပါ” လို့ ပြောပါတယ်။
သရုပ်ဆောင်ဘက်မှာလည်း ဟာသလုပ်တဲ့သူတယောက်အနေနဲ့ သိတာကြောင့် ဟာသဇာတ်ရုပ်များပဲ ကမ်းလှမ်းခံရပြီး အတည်ပေါက် ကာရိုက်တာများလည်း လုပ်ချင်သေးတယ်လို့ ဆိုပါတယ်။
“ပေးအပ်လာတဲ့ ကာရိုက်တာက ကျနော့်ကို ဟာသနဲ့ သိတာများတော့ ကျနော် သရုပ်ဆောင်ခဲ့တဲ့ ကာလတလျှောက် ၂ နှစ်၊ ၃ နှစ်အတွင်းမှာ ဟာသ ကာရိုက်တာတွေပဲ များနေပါတယ်။ အတည်ပေါက်လေးတွေလာရင်လည်း ကြိုးစားကြည့်ချင်ပါသေးတယ်။ ဒါပေမဲ့ ဟာသနဲ့ သိတာများတော့ ဟာသဇာတ်တွေ လာတာကိုပဲ လက်ခံ ရိုက်ကူးဖြစ်နေပါတယ်” လို့ ဂျိုကာက ပြောပါတယ်။
သင်္ကြန်ကာလ ပြီးတဲ့အချိန်မှာတော့ ဂျိုကာ ပါဝင် သရုပ်ဆောင်ထားတဲ့ “ဂျိမ်းဂျိုကာ” ဇာတ်လမ်းတွဲကို မဟာမိုဘိုင်း Application မှာ ကြည့်ရှုရမှာဖြစ်တယ်လို့ သိရပါတယ်။