“Hawaii 5-0” ရုပ်သံစီးရီးနဲ့ လူသိများတဲ့ မင်းသား Daniel Dae Kim က ကိုရိုနာဗိုင်းရပ်စ် Positive အဖြစ် ဆေးစစ်ပြီး သိရှိထားရကြောင်း မတ်လ ၁၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဟာဝိုင်အီမှာရှိတဲ့ သူ့ရဲ့ အိမ်ကနေ စကားပြောခဲ့တဲ့ မင်းသား Kim က သူ့ရဲ့ Instagram ဗီဒီယိုမှာ အဲ့ဒီသတင်းကို ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
“မနေ့တုန်းက ကျနော်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ရတဲ့ COVID -19 ရောဂါ ရရှိခဲ့တယ်။ ကျနော်အဆင်ပြေမယ့် ပုံစံပါပဲ။ ဒါပေမဲ့ ခင်ဗျားတို့အတွက် သတင်းအချက်အလက်တွေ ရပြီး အကူအညီဖြစ်မယ်လို့ မျှော်လင့်ချက်နဲ့ ခင်ဗျားတို့နဲ့အတူ ကျနော့်ရဲ့ အကြောင်းကို မျှဝေချင်ပါတယ်။ ခင်ဗျားတို့ အားလုံး ဘေးကင်း၊ တည်ငြိမ်ကြပါစေလို့ မျှော်လင့်ပါတယ်”လို့ မင်းသားက ဆိုပါတယ်။
အသက် ၅၁ နှစ်အရွယ် မင်းသား Kim က မကြာသေးခင်းတုန်းက ရုပ်သံစီးရီးတခုကို ရိုက်ကူးဖို့အတွက် နယူးယောက်မြို့ကို သွားရောက်ခဲ့ပြီး ထုတ်လုပ်ရေး လုပ်ငန်းတွေကို ပိတ်သိမ်းလိုက်ချိန်မှာတော့ ဟာဝိုင်အီကို ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် စတင်ဖျားနာလာခဲ့ပြီး ကိုယ့်ဘာသာ သီးခြားနေထိုင်ခဲ့ပေမယ့် ဟိုနိုလူလူမြို့မှာ ဆေးစစ်ဖို့ အကြံပေးခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခုတော့ တော်တော်လေး သက်သာလာပြီလို့လည်း ဆိုပါတယ်။
မင်းသားက “ကျနော့်အတွက် ကျေးဇူးတင်ရမှာကတော့ အသက် သေဆုံးတာမျိုး မဟုတ်တော့ပါဘူး”လို့ ဆိုပါတယ်။ ပြည်သူတွေအနေနဲ့လည်း လက်ကို ဆေးကြောပြီး ကိုယ့်ဘာသာ သီးခြားခွဲနေထိုင်ဖို့ အကြံပြုချက်တွေကို လိုက်နာရေး တိုက်တွန်းခဲ့ပါတယ်။
မင်းသားဟာ “Hawaii 5-O” စီးရီးမှာ ရဲမှူးကြီး Chin Ho Kelly အဖြစ် ပါဝင်ထားဖူးပြီး “Lost” ရုပ်သံစီးရီးမှာလည်း ကိုရီးယား တံငါသည် Jin-Soo Kwon အဖြစ် သရုပ်ဆောင်ခဲ့ဖူးပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ ကမ္ဘာ့နာမည်ကျော် သရုပ်ဆောင်တွေထဲမှာ မင်းသား Tom Hanks နဲ့ မင်းသား Idris Elba ၊ “Game Of Thrones” မင်းသား Kristofer Hivju ၊ ဘတ်စကတ်ဘောစတား Kevin Durant နဲ့ ဂျိမ်းစ်ဘွန်း မင်းသမီး Olga Kurylenko တို့လည်း ပါဝင်ကြပါတယ်။
Ref:asiaone
You may also like these stories:
ကိုရိုနာကြောင့် နှစ်ပေါင်း ၂၂ နှစ်အတွင်း ရုံဝင်ငွေ အဆိုးဆုံးကို ဟောလိဝုဒ် ကြုံနေရ
ကိုရိုနာနဲ့ ပတ်သက်ပြီး သမ္မတရှီကို ဝေဖန်ခဲ့တဲ့ တရုတ်သူဌေးကြီး တဦး ပျောက်ဆုံးနေ
ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စားသောက်ဆိုင်၊ ကလပ်နဲ့ ရုပ်ရှင်ရုံတွေ အားလုံး ပိတ်ထား