လတ်တလော ကမ္ဘာတဝန်း ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မှုများကို သတိထားသင့်သလို အစိုးရိမ်မလွန်သင့်ဘူးလို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။
“အခုချိန်မှာတော့ ရောဂါကို သတိထားတာတော့ ထားပေါ့။ အစိုးရိမ်မလွန်အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းပါတယ်။ အရင်က ကိုယ့်ကျန်းမာရေး ၅၀ ရာခိုင်နှုန်းလောက် သတိထားရတယ်ဆိုရင် အခုဆို ၁၀၀ ရာခိုင်နှုန်း ဂရုစိုက်ရတယ်။ အခု လက်ဆေးတယ်၊ စက္ကန့် ၂၀ ကြာအောင် လက်ဆေးပါဆိုတဲ့အတိုင်း ဘေစင်မှာ နာရီချိတ်ထားပြီး တခုခု ကိုင်မိတိုင်း လက်ဆေးတယ်။ ကျန်တာတော့ အစိုးရိမ်မလွန်သင့်ပါဘူး”
“ပုံမှန် သွားစရာရှိတဲ့အတိုင်း သွားတယ်၊ လုပ်စရာတွေလည်း ပုံမှန် လုပ်ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သတိထားပါ။ မကြောက်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ အစိုးရိမ်မလွန်ပါနဲ့”လို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။
ဆက်လက်ပြီး ဒါရိုက်တာ ညိုမင်းလွင်က COVID-19 နဲ့ ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာများမှာ သတင်းအမှားများ၊ ကောလာဟလ သတင်းများကို မယုံကြည်ကြဖို့လည်း အခုလို ဆိုပါတယ်။
“သတင်းတခုကို Post မတင်ခင် ဒီသတင်းက တကယ် ဟုတ်ရဲ့လား ကြည့်ပါ။ မသေချာဘဲနဲ့ သတင်းတွေ တင်လိုက်တာ တဖက်မှာ အများကြီး ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ မလိုအပ်ဘဲ အများကြီး မဝယ်ပါနဲ့။ အစိုးရိမ်လွန်ပြီး ဟိုမသွား ဒီမသွားတော့ မရှိဘူး။ သင်္ကြန်ကို မိသားစုနဲ့ ခရီးသွားမယ်။ နေရာကတော့ ရွေးနေတုန်းပါ”လို့ ညိုမင်းလွင်က ပြောပါတယ်။
ဒါရိုက်တာ ညိုမင်းလွင်က လတ်တလောမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါလိုပဲ တိုက်ဆိုင်စွာ ၂၀၀၈ ခုနှစ်တုန်းက The Virus ဆိုတဲ့ ဇာတ်ကား ရိုက်ဖြစ်ခဲ့ပေမယ့် ဆင်ဆာကြောင့် ဆက်မရိုက်ဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။
“ဆရာ မင်းသိင်္ခရဲ့ စနေမောင်မောင်ပါတဲ့ ဝတ္ထု၊ “မဟာမြိုင်ခရီးသည်” မှာ အဲ့ရောဂါပိုးအကြောင်း ပါခဲ့ဖူးတယ်။ အဲ့ဒါကို Reference ယူတယ်။ The Virus ဆိုပြီး ၂၀၀၈ တုန်းက ရိုက်ခဲ့တယ်။ ဆိုရှယ်မီဒီယာခေတ် မဟုတ်ဘူး။ ဂျာနယ်ခေတ်၊ ဂျာနယ်မှာပါသွားတော့ ဆင်ဆာအဖွဲ့က ဒီကားမျိုး ဆက်မရိုက်ပါနဲ့ဆိုပြီး လှမ်းတားတယ်”
“အဲ့ကားက ရိုက်နေရင်း ရပ်သွားခဲ့တယ်။ ထွန်းထွန်း၊ ခိုင်သင်းကြည်၊ ဆန်းထွဋ်၊ ဂျင်းနီနဲ့ သရုပ်ဆောင်သစ်တွေလည်း ပါတယ်။ အခုချိန်မှာတော့ ရိုက်ဖို့ အစီအစဉ် မရှိပါဘူး။ ဆင်ဆာ ခွင့်ပြုရင်တော့ ရိုက်ချင်တယ်။ ကိုယ့်အိပ်မက်က တိုးလိုးတန်းလန်း ရပ်သွားခဲ့တာကိုး။ ဒါပေမဲ့ ရိုက်ဖြစ်မယ် မထင်ပါဘူး”လို့ ညိုမင်းလွင်က ပြောပါတယ်။
ဒါရိုက်တာ ညိုမင်းလွင်ကတော့ ထူးခြားတဲ့ ဇာတ်လမ်း အကြောင်းအရာများကို ဇာတ်ကား ရိုက်ကူးလေ့ ရှိတဲ့ ဒါရိုက်တာ တဦးဖြစ်ပြီး ဒီနှစ်ထဲမှာလည်း မုဒိမ်းကျင့်ပြီး အသတ်ခံခဲ့ရတဲ့ “မြမြ” ဆိုတဲ့ မိန်းကလေး တယောက်အကြောင်းကို ရုပ်ရှင် ရိုက်ကူးထားပါသေးတယ်။
You may also like these stories:
“ဟာသလုပ်တဲ့သူတိုင်းကို လေးစားပါတယ်”လို့ ပြောတဲ့ သရုပ်ဆောင် ဂျိုကာ
COVID-19 ကြောင့် ပွဲတွေ ရွှေ့ထားပေမယ့် Music Video ရိုက်ကူးနေတဲ့ ဇွဲနိုင်ဝင်း
“အခြေခံလူတန်းစားတွေ ဘာမှမဖြစ်စေနဲ့”လို့ ဆုတောင်းပေးတဲ့ အဆိုတော် ယုန်လေး