Entertainment

COVID-19 ကြောင့် သင်္ကြန်ပွဲတွေ ပျက်သွားတဲ့အကြောင်း ပြောပြတဲ့ အဆိုတော် သားကြီး

လတ်တလော ကမ္ဘာတဝန်းမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မှုများကြောင့် သီချင်းဆိုဖို့ပွဲတွေ ပျက်သွားခဲ့ပြီး လုပ်စရာ မရှိတော့လို့ သီချင်းတွေ ရေးမယ်လို့ အဆိုတော် သားကြီးက ပြောပါတယ်။

“ကျနော် မတ်လထဲမှာ ၃၊ ၄ ပွဲလောက် ပျက်တယ်။ သင်္ကြန်မှာ ဆိုဖို့လည်း ပျက်သွားတယ်။ တကမ္ဘာလုံးဖြစ်တာဆိုတော့ ကိုယ်မဆိုရတာကို ထအော်နေလို့လည်း မရဘူးလေ။ ကျနော်တို့ အဆိုတော်တွေ အတွက်တော့ နစ်နာတာပေါ့။ သင်္ကြန်မှာ အာလုံးက ပွဲလေးတွေ ဆိုကြမယ်။ ပိုက်ဆံများများ ရှာရတဲ့လဆိုတော့ ကျနော်တို့မှာလည်း ခံစားရတာပေါ့”

“အကုန်နစ်နာတာဆိုတော့ မတတ်နိုင်ဘူးပေါ့။ လုပ်စရာမရှိတော့ ကျနော် သီချင်းတွေ ရေးမယ်။ အရမ်းကြောက်လန့်ပြီးတော့ မနေကြပါနဲ့။ ကျနော်ဆိုလည်း ပုံမှန်အတိုင်း သွားတယ်။ ဆန်တောင် ကြိုမဝယ်ဘူး”လို့ အဆိုတော် သားကြီးက ပြောပါတယ်။

ဆက်လက်ပြီး အဆိုတော် သားကြီးက ပရိသတ်တွေကို COVID-19 ကာကွယ်ဖို့ လက်ဆေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

“တကိုယ်ရည် သန့်ရှင်းမှုပဲ ထိန်းပါတယ်။ ပရိသတ်တွေလည်း လက်ဆေးကြပါ။ အခြေခံ လူတန်းစား က Hand Gel တို့၊ အရက်ပြန်တို့ကို အမြဲသုံးပေးဖို့ အကြံပေးချင်တယ်။ ကျနော်တို့ မြန်မာနိုင်ငံနဲ့ လာအိုပဲ ကျန်တာ။ ပြောလို့တော့ မရဘူး။ မတွေ့ဘူးလို့ပြောတာကို ယုံတယ်လည်း မဟုတ်ဘူး။ မယုံဘူးလည်း မဟုတ်ဘူး။ တကယ် ဖြစ်ရင်လည်းဖြစ်နေမယ်”

“ကျနော်တို့ဆီက လူတွေ မသိတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ကိုယ့်ကျန်းမာရေး ကိုယ်စောင့်ရှောက်ပြီး တကိုယ်ရေ သန့်ရှင်းအောင် နေကြပါ”လို့ သားကြီးက ပြောပါတယ်။

သားကြီးက ညီအစ်ကိုတွေ ပေါင်းဖွင့်ထားတဲ့ “PM 3:3 Bar & Restaurant” ဆိုင်ကိုလည်း ရှေ့တပတ်ထဲ ပိတ်သွားဖို့ ရှိပြီး ဗိုင်းရပ်စ် မရှိဘူးဆိုရင် ပြန်ဖွင့်သွားမယ်လို့ ဆိုပါတယ်။

“PM 3:3 မှာ ပွဲလုပ်ချင်လို့ ကျနော်တို့က နေရာပေးခွင့်ပြုထားတဲ့ အဲ့ဒီပွဲက မေလလောက်မှ လုပ်ဖြစ်တော့မယ်။ ပျက်တယ်ဆိုတာလည်း ပွဲလမ်းသဘင်နဲ့ လူစည်ကားရာနေရာတွေ ခေတ္တနားပေးပါဆိုတော့ ကျနော်တို့က နိုင်ငံသားကောင်းပီသစွာ သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း နေတာပါ။ ပွဲလုပ်ရင် ကြောက်ရွံ့စွာ လာရမယ်”

“အဘက်ဘက်က အဆင်မပြေနိုင်ဘူး။ နှစ်ဖက်စလုံး ထိခိုက်မှာစိုးလို့ ရက်ရွှေ့လိုက်တာပါ။ ဆိုင်ကိုတော့ ပိတ်ဖို့ မပြောသေးဘူး။ ကျနော်တို့ အသိစိတ်နဲ့ ရှေ့တပတ်ထဲ ပိတ်သွားဖို့တော့ ရှိတယ်။ ဗိုင်းရပ်စ် မရှိတော့ဘူးဆိုရင် ကျနော်တို့ ပြန်ဖွင့်သွားမှာပါ”လို့ အဆိုတော် သားကြီးက ပြောပါတယ်။

အခုလို ဆိုင်တွေ ပိတ်ရတဲ့အတွက် စီးပွားရေးသမားတွေ၊ ဝန်ထမ်းတွေ အားလုံး ထိခိုက်နစ်နာပေမယ့် ကမ္ဘာ့ကပ်ရောဂါဖြစ်နေတာကြောင့် ပြောပိုင်ခွင့် မရှိဘူးလို့ ဆိုပါတယ်။

“အခုလို ရောဂါတွေ ဖြစ်လို့ ဆိုင်တွေ ပိတ်ကြရတော့ စီးပွားရေးသမားတွေရော၊ ဝန်ထမ်းတွေရော အကုန် ထိခိုက်တယ်။ ကမ္ဘာ့ကပ်ဆိုးဖြစ်နေတော့လည်း ပြောပိုင်ခွင့် မရှိဘူး။ တိုင်းပြည်က အဘက်ဘက်က နိမ့်ကျတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှုလည်း အားနည်းနေချိန်မှာ ကျနော်တို့ နိုင်ငံသာ ဖြစ်ကြည့်လိုက် တော်တော်ဆိုးဆိုး ဖြစ်သွားနိုင်တယ်”လို့ သားကြီးက ပြောပါတယ်။

အဆိုတော် သားကြီးကတော့ ဂီတလောကမှာ အချိန်တော်ကြာ ရပ်တည်နေပြီး တကိုယ်တော် တေးစီးရီးခွေတွေ များစွာလည်း ထွက်ရှိထားပါတယ်။ အဆိုတော် သားကြီးရဲ့ “ပီယဆေး” နဲ့ “ရုပ်သေးရုပ်” သီချင်းတို့က ပရိသတ်တွေကြားမှာ ရေပန်းစားပြီး လူကြိုက်များခဲ့ပါတယ်။

You may also like these stories:

“ရန်ကုန်မှာ သင်္ကြန်မဖြတ်သန်းရတာ တော်တော်ကြာပြီ” လို့ ပြောလာတဲ့ မအေးသောင်း

အိန္ဒိယမှာ Covid-19 ကာကွယ်ရေးအတွက် နွားကျင်ငယ်ရည် သောက်ပွဲ ကျင်းပ

ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံခဲ့ရတဲ့ ခွေးလေး သေဆုံး

Loading