အနုပညာအလုပ်များ အရင်ကလောက် မလုပ်ရတော့တဲ့ အနုပညာရှင်တော်တော်များများဟာ ကိုယ်ပိုင်စီးပွားရေးများကို လုပ်လာကြတဲ့အချိန်မှာ ပရိသတ်အချစ်တော် ဝါရင့် ဟာသ သရုပ်ဆောင် မိုးဒီကလည်း မိသားစု တနိုင်တပိုင် မုန့်ဟင်းခါးခြောက်ထုပ်များကို ရောင်းချလာခဲ့ပါတယ်။
အခုလို ရောဂါပိုး အန္တရာယ်ကြောင့် အလုပ်မရှိသလောက် ဖြစ်နေတဲ့အချိန်မှာ မုန့်ဟင်းခါးခြောက် ရောင်းမိလိုက်တာ ကံကောင်းသွားတယ်လို့ မိုးဒီက ပြောပါတယ်။
“မုန့်ဟင်းခါးလေး ရောင်းမိတာတောင် ကံကောင်းသလိုပဲ။ အခု ၁ လခွဲကြီးတောင် လုံးဝ ဘာပွဲမှ မရှိဘူး။ ဥပမာ – ၁ လခွဲအတွင်းမှာ ၁ ပွဲ၊ ၂ ပွဲတော့ ရမှလေ။ ရတတ်တယ် ပွင့်လင်းရာသီကို။ ဥပမာဘိသိက်ပွဲလေး ဖြစ်ချင်ဖြစ်မယ်။ မင်္ဂလာဆောင် ဘိသိက်ဖြစ်ရင်လည်း ဖြစ်မယ်။ အခု ၂ ရက်နေ့မှာ ကမ်းနားဈေးမှာ အငြိမ့်ငှားထားတယ်။ ပျက်သွားပြီတဲ့။ မလာခဲ့ပါနဲ့တော့တဲ့”
“အနည်းဆုံး ၄၅ ရက်လောက်ကတော့ ဘာအလုပ်မှ မရှိကြတော့ဘူး။ ကျန်းမာအောင် နေမယ်။ ရာသီဥတု ပူတဲ့ဒဏ်ကိုလည်း ကြံ့ကြံ့ခံအောင် အရိပ်ထဲမှာ နေမယ်ပေါ့”လို့ မိုးဒီက ပြောပါတယ်။
လက်ခံထားတဲ့ အငြိမ့်ပွဲများ၊ ဘိသိက်ပွဲများလည်း ပျက်ခဲ့တာကြောင့် ၁ လခွဲခန့် အလုပ် မရှိဘဲ ဖြစ်နေမှာကြောင့် ဘာအလုပ်မှ မရှိတော့ဘဲ ကျန်းမာအောင် နေထိုင်ပြီး ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံသွားရမယ်လို့ မိုးဒီက ဆိုပါတယ်။
အဆိုပါ “အကယ်ဒမီ မိုးဒီ မုန့်ဟင်းခါးခြောက်ထုပ်” ကိုတော့ ၁ထုပ်လျှင် ငွေကျပ် ၄၀၀၀ ကျပ်ဖြင့် လူ ၅ယောက်စာ စားသုံးနိုင်ပြီး အခုဆိုရင် အနုပညာရှင်များကပါ အားပေးကြတယ်လို့ သိရပါတယ်။
“မုန့်ဟင်းခါးထုပ်လေးကို ပရိသတ်က အားပေးကြတယ်။ တော်တော်များများ အနုပညာရှင်တွေကလည်း အားပေးကြပြီး ချီးမွမ်းကြတယ်။ ကျနော်ကလည်း စေတနာထားပြီး လုပ်တာကို စေတနာက ကံတရားလို့ပြောတာကို စားတဲ့လူတိုင်းက ကြိုက်ကြတယ်။ ကျနော်က ဝမ်းသာနေတယ်။ ငွေလည်း မဆစ်ဘူး။ ဘာမှ မလုပ်ဘူး။ သားနဲ့သမီး တယောက်နဲ့ သူတို့လင်မယား လုပ်ပေးနေကြတယ်”လို့ မိုးဒီကပြောပါတယ်။
အခုအချိန်မှာတော့ ရောင်းအားကောင်းနေတာကြောင့် ပုံမှန်အထုပ် ၁၀၀ ခန့် ထုပ်ရာကနေ ကုန်သွားလို့ မစားလိုက်ရတဲ့သူတွေကို တောင်းပန်ထားတယ်လို့ သိရပါတယ်။
“ကျနော်က နည်းနည်းပဲ လုပ်တာပါ။ တခါလုပ်မှ အထုပ် ၁၀၀ လောက် လုပ်တော့ မနိုင်ဘူး ဖြစ်နေတယ်။ ၁၀၀ ကလည်း ခဏနဲ့ ကုန်ကုန်သွားကြတော့ တောင်းပန်ထားရတယ်။ ကုန်သွားလို့ပါ ဆိုပြီး။ နယ်ကလည်း မှာကြတယ်။ ဒီမှာကလည်း အားပေးကြတော့ အားလုံးကိုလည်း ကျွေးချင်တော့ လုပ်အားတွေ ချဲ့ရင်လည်း ချဲ့ရမှာပေါ့” လို့ မိုးဒီက ပြောပါတယ်။
ပရိသတ်ကိုလည်း သူ့ထုတ်လုပ်ရောင်းချတဲ့ ပစ္စည်းများဟာ ပရိသတ်များကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် သုံးစွဲကြပါလို့လည်း ပြောခဲ့ပါတယ်။
“ကျနော့်ကို အားပေးခဲ့တဲ့ ပရိသတ်ကြီးက ကျေးဇူးရှင်ပါ။ အဲ့ကျေးဇူးရှင် ပရိသတ်ကြီးက နာမည်ပေးတယ်။ ထမင်းကျွေးတယ်။ အကယ်ဒမီ ပေးခဲ့တယ်။ အဲ့ကျေးဇူးတွေကို မမေ့ပါဘူး။ ဒီကျေးဇူးကို ဆပ်ချင်လွန်းလို့ ကျနော်ရဲ့ဆေးဝါးလေးတွေ မုန့်ဟင်းခါးထုပ်လေးတွေကို စေတနာအပြည့် ထည့်ပြီးတော့ ကျေးဇူးဆပ်ထားပါတယ်။ သုံးစွဲကြပါ”လို့ မိုးဒီက ပြောပါတယ်။
သရုပ်ဆောင် မိုးဒီကတော့ အငြိမ့်လောကမှာ လူရွှင်တော် တယောက်အဖြစ် မော့စ်၊ စိန်ရိုး၊ တိမ်ညွှန့်တို့နဲ့အတူ တွဲဖက်ကာ အငြိမ့်များ ကပြ ဖျော်ဖြေခဲ့ပြီး သရုပ်ဆောင်အနေနဲ့လည်း ဟာသသရုပ်ဆောင်အဖြစ် ရပ်တည်ခဲ့ပြီး၂၀၀၇ ခုနှစ်အတွက် “အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု” ကို ရရှိခဲ့ပါတယ်။
You may also like these stories:
အမှုအတွက် ၁၀၀ ရာခိုင်နှုန်း ယုံကြည်ထားတယ်လို့ ဆိုလာတဲ့ သင်းသင်း
အကူအညီ လိုအပ်နေတဲ့ ရုပ်ရှင်လောကသားများအတွက် ငွေ၊ ဆီနဲ့ ငါးခြောက်များ လှူဒါန်း
“မိုးဒီ” အမှတ်တံဆိပ်နဲ့ ဒဏ်ကြေလိမ်းဆေး ထုတ်လုပ်ရောင်းချနေတဲ့ မိုးဒီ