Entertainment

သင်္ကြန် မဏ္ဍပ်တွေ ပျက်တဲ့အပေါ် နစ်နာမှုအကြောင်း ပြောပြတဲ့ မေမီကိုကို

Want create site? Find Free WordPress Themes and plugins.

လာမယ့် သင်္ကြန် မဏ္ဍပ်မှာ သီချင်းဆိုဖို့အတွက် လက်ခံထားတဲ့ သရုပ်ဆောင် မေမီကိုကိုကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲပျက်သွားခဲ့ပြီး ပရိသတ်နဲ့ ထိတွေ့မှု ရပ်နားလိုက်သလို ခံစားလိုက်ရတယ်လို့ ဆိုပါတယ်။

“ပရိသတ်နဲ့ ထိတွေ့မှုတခုတော့ ရပ်နားလိုက်သလို ခံစားလိုက်ရတယ်။ တချို့ တနေရာပေါ့။ ပြောရမယ်ဆိုရင် မေမီက ဒီနှစ်သင်္ကြန်ကို Forever သင်္ကြန်မှာ သီချင်းဆိုဖို့အတွက် လုပ်ထားတယ်။ အရင်နှစ်တွေကလည်း Forever နဲ့ ဆိုမယ်ဆိုပြီး ပျက်သွားခဲ့တာ။ ဒီနှစ်မှာတော့ တခြားပွဲတွေလက်မခံတော့ဘူး။ ဒီပွဲပဲ လက်ခံပြီးဆိုမယ်ဆိုတော့မှ အခုလိုမျိုး ဖြစ်သွားတယ်ပေါ့။ မဆိုဖြစ်တော့ဘူး”လို့ မေမီကိုကိုက ပြောပါတယ်။

ဒီလိုမဏ္ဍပ်တွေ ပျက်သွားတာကလည်း တတိုင်းပြည်လုံး အန္တရာယ်ကင်းဖို့အတွက် အနစ်နာခံရတဲ့သဘောပဲလို့ မေမီကိုကိုက ဆိုပါတယ်။

“အဆိုးဘက်ကတွေးရင် အများကြီး နစ်နာပါတယ်။ ဒီသင်္ကြန်က အနုပညာသမားတွေအတွက်ကတော့ ပိုက်ဆံရှာလို့ အကောင်းဆုံးပဲပေါ့။ သာမန် ပွဲကြေးထက်ကို ပိုပြီးရတယ်၊ ဒါက နစ်နာမှု တခု။ အကောင်းဘက်ကတွေးရင်တော့ တတိုင်းပြည်လုံး အန္တရာယ်ကင်းဖို့အတွက် အနစ်နာခံရတာပဲပေါ့။ ပျော်ချင်တဲ့သူတွေလည်း အနုပညာရှင်မှ မဟုတ်ဘူး။ ပရိသတ်တွေလည်း မဏ္ဍပ်တွေ မရှိတော့ မပျော်ရဘူး”လို့ မေမီကိုကိုက ပြောပါတယ်။

ဒါကြောင့် သင်္ကြန်မှာတော့ ရိုက်ကူးရေးများ မရှိခဲ့ပါက မေမီကိုကိုကတော့ မိဘများနဲ့အတူ နယ်ပြန်ဖြစ်မယ်လို့ ဆိုပါတယ်။

“မေမီ နယ်ပြန်ဖို့တော့ ပြောထားတယ်။ အဖေနဲ့ အမေကတော့ နယ်ခဏ ပြန်သွားတယ်။ အစ်ကိုကဘုရားဖူး ပို့ပေးမယ်ဆိုလို့။ မေမီတို့လည်း ခွင့်ရဦးမယ်ဆိုရင် နယ်ပြန်ဖြစ်မယ်။ ရိုက်ရက်က ကသီနေမယ်ဆိုရင် ရန်ကုန်မှာပဲ နားဖြစ်မယ်” လို့ မေမီကိုကိုက ပြောပါတယ်။

မကြာသေးခင်ကလည်း မေမီကိုကို ပါဝင် သရုပ်ဆောင်ထားတဲ့“ပလေယာ” ရုပ်ရှင်ကားကြီးဟာ ဝင်ငွေအများဆုံး ရရှိခဲ့တဲ့ ရုပ်ရှင်ကားကြီးအဖြစ် အောင်ပွဲခံခဲ့ပါတယ်။

“ဒီကားက မေမီရဲ့ပထမဆုံး ရုပ်ရှင်ကားပေါ့။ အရှေ့မှာတော့ ဧည့်သည်သရုပ်ဆောင်အနေနဲ့ တကားရိုက်ထားပါတယ်။ အောင်မြင်တာကိုတော့ မမျှော်လင့်ထားပါဘူး။ ကံစပ်လို့ပေါ့။ မျှော်လင့်ချက်ထားတာတော့ နည်းပါတယ်။ ဝါရင့်တွေ အများကြီးလည်းပါတယ်။ ကောင်းမွန်တဲ့ကားလည်းဖြစ်တာကြောင့် ထင်ထားတာထက် အောင်မြင်တယ်လို့ ထင်တယ်။ ကိုယ့်ရဲ့အနုပညာတော့ အများကြီးချပြတာမရှိသေးဘူး။ အများကြီးကြိုးစားရဦးမယ်” လို့ မေမီကိုကိုက ပြောပါတယ်။

မေမီကိုကိုကတော့ အခုနောက်ပိုင်းမှာ ရုပ်ရှင်ကားများစွာ ရိုက်ကူးလာရပြီး တဖက်မှာလည်း စာချုပ်နဲ့ ဇာတ်လမ်းတွဲများ ရိုက်ကူးရေးရှိတာကြောင့် ၂ ခု တိုက်ဆိုင်လာတဲ့အခါမျိုးမှာ လက်လွှတ်လိုက်ရတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

“အခုနောက်ပိုင်း ရုပ်ရှင်ကားကြီးတွေက ခေါ်တယ်။ အဲ့လိုခေါ်တဲ့အချိန်မှာ ဇာတ်လမ်းတွဲတွေနဲ့ တိုက်နေတော့ မေမီတို့ရုံးက လူကြီးတွေက ညှိပေးတာ ဘယ်လိုမှ အဆင်မပြေတော့ ဇာတ်လမ်းတွဲပဲ ရိုက်ရတာပေါ့။ တခုလိုချင်ရင်တခုတော့ စွန့်လွှတ်ရမှာပေါ့။ တဖက်မှာက မေမီက စာချုပ်လည်းရှိတယ်။ ပြီးတော့ မေမီက ဇာတ်လမ်းတွဲနဲ့ လူသိများသလို ဇာတ်လမ်းတွဲမှာလည်း စာချုပ်အရရော နောက်ပြီးကိုယ်က ရုပ်ရှင်ကားရယ်၊ ဇာတ်လမ်းတွဲရယ်ဆိုပြီး သတ်မှတ်ထားတာ မရှိဘူး”

“ကိုယ့်အတွက်က အနုပညာအလုပ်ကို လုပ်နေရရင်ပြီးရော။ ဘယ်ဟာမှ ခွဲခြားထားတာ မရှိဘူး။ ကိုယ်လုပ်တဲ့ ဝါသနာ၊ ကိုယ်လုပ်တဲ့ သရုပ်ဆောင်၊ ဘယ်ကားမှာပဲဖြစ်ဖြစ် မရွေးဘူးပေါ့။ ၂ ခုလုံးပြိုင်လုပ်လို့ မရတဲ့အခါမျိုးမှာတော့ မတတ်နိုင်တဲ့အဆုံး လက်လွှတ်ရတာပါပဲ”လို့ မေမီကိုကိုက ပြောပါတယ်။

မေမီကိုကိုကို “ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ “မြိုင်” ဇာတ်ရုပ်နဲ့ ပရိသတ်တွေ စတင် သိရှိခဲ့တာဖြစ်ပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ “PLAYERS” ရုပ်ရှင်မှာလည်း ပါဝင်ခဲ့ပါတယ်။ မကြာခင် MRTV-4 မှာ ပြသမယ့် “ဂျီဟောသူ” ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်ထားတယ်လို့ သိရပါတယ်။

You may also like these stories:

“မုန့်ဟင်းခါး ရောင်းလိုက်မိတာ ကံကောင်းသွားတယ်”လို့ သရုပ်ဆောင် မိုးဒီ ပြော

COVID-19 ကြောင့် သင်္ကြန်ပွဲတွေ ပျက်သွားတဲ့အကြောင်း ပြောပြတဲ့ အဆိုတော် သားကြီး

“COVID-19 ကူးစက်ရောဂါကို စိုးရိမ်မလွန်သင့်ဘူး”လို့ ဒါရိုက်တာ ညိုမင်းလွင် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading