ကျောက်ကပ်ရောဂါခံစားနေရတဲ့ လူရွှင်တော်မန်းဝင်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက သတိလစ်မေ့မြောကာ အရေးပေါ် အခြေအနေကြောင့် အသက်လုခဲ့ရတဲ့အခြေအနေဖြစ်ခဲ့တယ်လို့ သိရပါတယ်။
“သေရွာကပြန်လာတဲ့ရက်က ရက်ပိုင်းပဲရှိသေးတယ်။ သတိမေ့သွားတာပေါ့။ သတိလစ်ပြီးတော့ နှလုံးရပ်သွားတာ။ ၅မိနစ် ၁၀မိနစ်လောက်တော့ကြာသွားတယ်ပြောတာပဲ။ မူးတယ် ငါမတ်တပ်ရပ်လို့ မရတော့ဘူးဆိုတဲ့အထိ သတိရသေးတယ်။ နောက်ပိုင်းခွေကျသွားတော့ မသိတော့ဘူး”
“ပါးစပ်ထဲကအမြှုပ်တွေထွက် သရေတွေကျပြီးတကိုယ်လုံးသွေးမတိုးတော့ဘူးပေါ့။ နောက်ပြီး ကျောက်ကပ်ဆေးတော့ အကြောမွေးထားတာ။ အဲ့အကြောကလည်းမခုန်တော့ဘူး။ အိမ်ကသားသမီးတွေလည်းငိုကုန်ကြတာလေ” လို့ လူရွှင်တော် မန်းဝင်းကပြောပါတယ်။
ဆက်လက်ပြီး “အဲဒါနဲ့ပင်လုံဆေးရုံကိုတင်ကြတယ်။ ဆေးရုံလည်းရောက်ရော ဆရာဝန်ဆရာမတွေက အသက်ကိုလုကြတယ်လို့ ပြောတာပဲ။ မနက်ကျမှသတိရပြီးတော့ တကိုယ်လုံးနာတာပဲ။ မနက်ကျမှသတိရပြီးတော့ တကိုယ်လုံးနာတာပဲ။ နာတယ်ဆိုတာကလည်း လူ ၄ ၊ ၅ ၊ ၆ ယောက်လောက်ကဝိုင်းနှိပ်ကြတာ ဝက်ရူးပြန်တဲ့သူကို ဝိုင်းထိန်းကြသလိုပဲ။ သတိပြန်ရတော့ လေတိုက်တာတောင်မခံနိုင်ဘူး။ နာနေရော။ အခုတော့ နည်းနည်းသက်သာလာ တာပေါ့” လို့ပြောပါတယ်။
ဒီလိုမျိုးကျန်းမာရေးအခြေအနေကြောင့် အခုအချိန်မှာတော့ အစားအသောက်စားမဝင်ဘဲ အာဟာရချို့တဲ့သလိုဖြစ်နေပြီး ဇနီးဖြစ်သူနဲ့ သားသမီးများက စိတ်မကောင်းဖြစ်ကြရတယ်လို့ ဆိုပါတယ်။
“ပရိသတ်များခင်ဗျာ ကျနော့်ကျန်းမာရေးကတော့ ခါတိုင်းထက်စာရင်မကောင်းပါဘူး။ မကောင်းဘူးဆိုတာကတော့ ကိုယ့်ကိုယ်ကိုလည်းအားမရဘူး။ ထမင်းစားလို့လည်းမကောင်းဘူး။ စားရတာလည်းအားမရဘူး”
“ ဟိုတုန်းကဆိုရင် ထမင်းကိုကိုယ်ကတောသားဆိုတော့ မနက်တနပ် ညတနပ်ကို အားရပါးရစားတာကို အခုတော့ အမျိုးသမီးက ဟိုဟာတွေကြော်ပေး၊ ဒီဟာတွေကြော်ပေးနဲ့ အဲဒါတွေလည်းမစားချင် သူများပေးလိုက်နဲ့ ဘာမှစားလို့မရဘူး။ အာဟာရကိုချို့တဲ့နေသလိုဖြစ်နေတယ်။ သားသမီးတွေကလည်း ငိုတာပေါ့။ ကျွေးလို့မရတော့။ ကိုယ်ကလည်း ဘာမှမစားတော့ အားနည်းသွားတာ” လို့ မန်းဝင်းကပြောပါတယ်။
ပြီးခဲ့တဲ့ရက်က ဒါရိုက်တာပြည်ဟိန်းသီဟရဲ့ “ပလေယာ” ရုပ်ရှင်ဇာတ်ကားကြီးဟာ ဝင်ငွေစံချိန်ချိုးခဲ့တဲ့ အထိမ်းအမှတ်နဲ့ သက်ကြီးလူရွှင်တော်များကို ငွေကြေးများဖြင့်ကန်တော့ခဲ့တဲ့အထဲမှာ မန်းဝင်းလည်း အကန်တော့ခံထဲပါဝင်ခဲ့ပါသေးတယ်။ ဒီပွဲမှာ လုပ်ဖော်ကိုင်ဖက်လူရွှင်တော်သူငယ်ချင်းများနဲ့ တွေ့ရလို့လည်း ပျော်နေတယ်လို့ဆိုပါတယ်။
“ဧရာနဲ့ မတွေ့ရတာလည်းကြာလှပြီ။ သူနဲ့ကလည်း လုပ်ဖော်ကိုင်ဖက်တွေလေ သူ့မျက်နှာလည်းကိုယ်မမြင်ရ ကိုယ့်မျက်နှာလည်းသူမမြင်ရ၊ သူ့ဆီလည်းကိုယ်မသွားနိုင် တနေရာရာသွားဖို့ လူတယောက်လိုတယ်လေ။ မတွေ့ရသေးတဲ့လုပ်ဖော်ကိုင်ဖက်တွေတွေ့ရတော့ ဝမ်းသာပါတယ်” လို့ မန်းဝင်းကပြောပါတယ်။
လူရွှင်တော်ကြီး မန်းဝင်းကတော့ လက်ရှိမှာ ဆီးချိုသွေးချိုရောဂါကြောင့် အမြင်အာရုံချို့တဲ့သွားပြီး ကျောက်ကပ် မကောင်းတော့တဲ့အတွက်လည်း ကျောက်ကပ်အမြဲဆေးနေရပါတယ်။