လူရွှင်တော်ကြီးတိမ်ညွန့်ကတော့ အသက် ၁၁နှစ်အရွယ်မှစတင်ပြီး ရွှေမန်းတင်မောင်ဇာတ်အဖွဲ့မှာ ဟာသလူရွှင်တော်အနေနဲ့ ပါဝင်ခဲ့သူပါ။ အခုလက်ရှိမှာတော့ အနုပညာအလုပ်များလုပ်ကိုင်ရခြင်းမရှိတော့တဲ့အတွက် လင်မယား၂ယောက် အဆင်ပြေသလိုနေထိုင်စားသောက်နေရတယ်လို့ ဆိုပါတယ်။
“အဘတို့က ဘာမှမလုပ်တတ်ဘဲကိုး။ ဒီလုပ်ငန်းမရှိရင် ငုတ်တုတ်ထိုင်နေရတာ မသေထမင်း၊မသေဟင်းကျွေးသလို ဖြစ်နေတာပေါ့။ လင်မယား၂ယောက်ကတော့ ကြံ့ကြံ့ခိုင်ပဲ။ မရှိသွားပေါင်ပေါ့ ။အလုပ်ကလေးရလို့ ပိုက်ဆံလေးဝင်လာရင် သွားပြန်ရွေးပေါ့”လို့ လူရွှင်တော်ကြီး တိမ်ညွှန့်ကပြောပါတယ်။
ဇနီးဖြစ်သူ ဒေါ်ယုမိစံကလည်း စားသောက်နေထိုင်နေပုံနဲ့ ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။
“ရောင့်ရဲတင်းတိမ်တတ်ဖို့ အရေးကြီးတယ်။ များများရတော့လည်း ထိုက်သင့်သလောက်သုံးသလို မရတဲ့အချိန်မှာတော့ မရပါလားဆိုပြီး တမ်းတနေလို့မရဘူး။ ရောက်တဲ့အရပ်မှာသင့်အောင်ပဲ နေတယ်။ ရသလောက်လေးနဲ့ လုံလောက်အောင် စားရတာပေါ့” လို့ ပြောပါတယ်။
တခြားသော အနုပညာရှင်များအနေနဲ့ အနုပညာအလုပ်များမလုပ်ရတော့တဲ့အချိန်မှာတော့ တခြားသော စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်လာတာကိုတွေ့ရတဲ့အတွက် လူရွှင်တော်တိမ်ညွှန့်အနေနဲ့ စိတ်ကူးမိတာရှိလားဆိုတာကိုလည်း အခုလိုပြောပြခဲ့ပါတယ်။
“စိတ်တော့ကူးလိုက်တယ်။ ကိုယ်မကျွမ်းကျင်တော့ ၃သောင်းလောက်ရင်းလိုက်လို့ ၅၀၀ လောက်ပြန်ရပါ့မလားပေါ့။ မရရင်ကိုယ်စားရမယ့်ဟာပါ ပဲ့ပါသွားမယ်။ အဲဒါတွေချိန်နေတာနဲ့တင် မလုပ်ဖြစ်ဘူး။ ကိုယ်က မကျွမ်းကျင်တော့ရှိတာလေး ပဲ့ပါသွားရင် ပိုရုပ်ပျက်မယ်လေ။ အဲဒါနဲ့နေပါဦးဟာ နေပါဦးဟာနဲ့ အခုလိုပဲသွားနေတာပဲ” လို့ ဦးတိမ်ညွှန့်ကပြောပါတယ်။
ဆက်လက်ပြီး “အဘတို့က ဒီလုပ်ငန်းကိုချစ်လည်းချစ်တယ်။ ငယ်ငယ်ကတည်းက မြတ်နိုးပြီးတော့ အခုအလုပ် မလုပ်ပေမယ့် ရပ်ကွက်ထဲ လက်ဖက်ရည်ဆိုင်သွားလိုက်ရင် တွေ့တဲ့သူမှန်သမျှ မရင်းနှီးတဲ့သူရော ရင်းနှီးတဲ့သူရော မရင်းနှီးတဲ့သူရော အဘကိုတွေ့ရင်ပြုံးသွားရော။ အဲ့ပီတိက ဘယ်အရသာနဲ့မှလည်းလို့မရဘူး။ အဘတို့ရဲ့ လိုအင်ဆန္ဒကအဲဒါပဲ” လို့ ပြောပါတယ်။
လူရွှင်တော်တိမ်ညွှန့်က ကျန်းမာရေးအနေနဲ့လည်း ဆိုးဆိုးရွားရွားမဖြစ်ဖူးဘဲ ဖျားတာနာတာလောက်ပဲရှိတယ်လို့ ဇနီးဖြစ်သူကပြောပါတယ်။
“အိမ်ထောင်သက်ကတော့ ၄၀ ကျော်ပါပြီ။ သူ့ရဲ့ကျန်းမာရေးကတော့ ဒီလောက်ကြီးအထိတော့မဖြစ်ပါဘူး။ ဒါပေမယ့်အသက်ကြီးလာတော့ အစ်ကိုကြီးလည်းဖြစ်တယ်။ မိဘလည်းဟုတ်တယ်။ ကျေးဇူးရှင်လည်းဟုတ်တယ်။ သူ့ကိုပဲဂရုစိုက်ရတယ်။ သားတွေက အကုန်လက်လွတ်ကုန်ပြီ။ သွားလေရာသူ့နောက်ပဲလိုက်ရတယ်”
“ အဘကဆေးရုံတွေ ဆေးခန်းတွေတော့မရှိဘူး။ ဖျားရုံလေးလောက်ပဲ။ တနှစ်တခါတောင်မဖြစ်ဘူး။ ပိန်တာတော့ပိန်တယ်။ အစားအသောက်လည်းရှောင်တယ်။ သားကြီးငါးကြီးလည်းမစားဘူး။ အရက်တွေဘာတွေလည်း မသောက်ဘူး။ ကိုယ့်အိမ်ထောင်ဦးစီးမို့ ပြောတာမဟုတ်ဘူး” လို့ပြောပါတယ်။
ဇနီးဖြစ်သူကလည်း တချိန်က မင်းသမီးတယောက်အနေနဲ့ ဇာတ်အတူတူကခဲ့ကြပြီး အိမ်ထောင်ကျ၍ သားသမီးများရတဲ့အချိန်မှစတင်ကာ အနုပညာအလုပ်မလုပ်တော့တာဖြစ်တယ်လို့ သိရပါတယ်။
လူရွှင်တော်ကြီးတိမ်ညွှန့်တို့ဇနီးမောင်နှံမှာတော့ သား ၃ယောက်ရှိပြီး ၂ယောက်ကတော့ အနုပညာလောကထဲမှာ လုပ်ကိုင်လျက်ရှိပြီး တဦးမှာတော့ ကျန်းမားရေးသိပ်မကောင်းဘဲ ကိုရင်ကြီးဝတ်ထားတယ်လို့ သိရပါတယ်။