Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင် အဆိုတော်တဦးဖြစ်တဲ့ အဆိုတော် နီလန်းကတော့ သီချင်းခွေထွက်နိုင်ဖို့ သီချင်းတွေ စုနေပြီး သင်္ကြန်မှာလည်း ပွဲတွေ မရှိတဲ့အတွက် အိမ်မှာပဲ နေမယ်လို့ ဆိုပါတယ်။
“အခုချိန်မှာ ကိုရိုနာတွေ ဖြစ်နေတော့ အပြင်မထွက်ကြတော့ဘူး။ ပွဲတွေလည်း မလုပ်ရတော့ အိမ်မှာပဲ နေတယ်။ သီချင်းတွေလည်း စုနေတယ်။ သင်္ကြန်ကတော့ ပွဲတွေလည်း ခွင့်မပြုထားတော့ ဘာမှ မရှိဘူး။ သင်္ကြန်ကတော့ အိမ်မှာပဲ ရှိမယ်။ ပွဲတွေလည်း ဖျက်လိုက်ရတာတွေ ရှိတယ်။ ပရိသတ်တွေလည်း ကျန်းမာရေး ဂရုစိုက်ကြပါ။ လူထူထပ်တဲ့ နေရာတွေလည်း မသွားပါနဲ့”
“လက်ဆေးကြပါ။ သွားတဲ့နေရာတိုင်း Hand gel ဆောင်ထားပါ။ Mask တွေလည်း တပ်ကြပြီး လုံးဝ မပေါ့မဆပဲ သတိထားပြီး နေကြပါ။ ဂရုစိုက်ကြပါ”လို့ နီလန်းက ပြောပါတယ်။
အဆိုတော် မဖြစ်ခင် Makeup Artist အနေနဲ့ ရပ်တည်ခဲ့တဲ့ နီလန်းက ARTY မိတ်ကပ်ရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခံခဲ့ရပြီး နီလန်းက အရမ်းပျော်မိတယ်လို့ ဆိုပါတယ်။
“ARTY မိတ်ကပ်ရဲ့ Brand Ambassador ဖြစ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ အရမ်းလည်း ပျော်ပါတယ်။ Promotion တွေ ပွဲတွေ အတူတူ လုပ်ပေးသွားပါမယ်”လို့ နီလန်းက ပြောပါတယ်။
နီလန်းကတော့ Myanmar Idol Season 3 ပြိုင်ပွဲဝင်နေစဉ် ကာလအတွင်းမှာ ဆုံးပါးသွားခဲ့တဲ့ သူ့ရဲ့ ချစ်သူနဲ့ ပတ်သက်ပြီးတော့လည်း တိုင်ဆိုင်မှုရှိလာတိုင်း သတိရမိတယ်လို့ ဆိုပါတယ်။
“နီလန်းရဲ့ ချစ်သူက အဆိုတော်လည်း မဖြစ်စေချင်ဘူး။ ပြီးတော့ လူအများကြီး သိလာမှာကိုလည်း သူ မကြိုက်ဘူး။ Supporting မလုပ်ပေးဘူးပေါ့။ ဒါပေမဲ့ ကိုယ်ဖြစ်ချင်တဲ့ အရာလေးကို ကြိုးစားပြီးလုပ်ခဲ့တယ်။ သူ မရှိတော့တဲ့ နောက်ပိုင်းမှာလည်း အခုလို လုပ်နေတဲ့အချိန်မှာ သူ့ကို မတွေးတော့ဘူး။ ရှေ့ဆက်ပြီးတော့ လုပ်ရမယ့် အလုပ်တွေလည်း ပိုများလာတယ်။ တိုက်ဆိုင်မှုတွေ ရှိလာရင်တော့ သူ့ကို သတိရပါတယ်”
“တဖြည်းဖြည်းတော့ မေ့ဖို့ ကြိုးစားနေပါတယ်။ နီလန်း ရွေးချယ်ရရင်တော့ ကိုယ့်ကို လုံးဝ မထားခဲ့မယ့်လူမျိုးကို ရွေးချယ်ချင်တာပေါ့။ ကိုယ့်အလုပ်တွေရော၊ ကိုယ့်ဖြစ်တည်မှုကိုရော လက်ခံတဲ့သူမျိုး၊ သစ္စာမဖောက်မယ့်သူ၊ လုံးဝကို မထားခဲ့မယ့်သူပဲ ရွေးချယ်မှာပေါ့။ လူဆိုတာ သေမျိုးချည်းပဲဆိုတာ နားလည်တယ်။ နီလန်းကိုလည်း စိတ်ဒုက္ခမရောက်အောင်၊ မျက်ရည်မကျအောင် ထားမယ့်သူမျိုးကိုပဲ ရွေးချယ်သွားမှာပါ”လို့ နီလန်းက ပြောပါတယ်။
အဆိုတော် တဦးဖြစ်သလို Makeup Artist တဦးဖြစ်တဲ့ နီလန်းကတော့ Myanmar Idol Season 3 သီချင်းဆို ပြိုင်ပွဲကတဆင့် ပရိသတ် အားပေးမှု ရရှိခဲ့ပါတယ်။
You may also like these stories:
သင်္ကြန်ပွဲတွေ မလုပ်ဖြစ်တာ စိတ်မကောင်းဖြစ်မိတယ်လို့ ဖြိုးမြတ်အောင် ပြော
ကိုရီးယားဘာသာစကား သင်ကြားရေး ဗီဒီယိုတွေမှာ ပါဝင်မယ့် BTS အဖွဲ့
ထိုင်းစစ်တပ်က ဘန်ကောက်ရှိ လမ်းများကို ညစဉ်ပိုးသတ်