လတ်တလော ကမ္ဘာတဝန်းမှာ ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ကောလာဟလ သတင်းအမှားများကို မယုံကြည်သင့်ဘူးလို့ ဖြိုးမြတ်အောင်က ပြောပါတယ်။
“ကျနော် ကိုယ်တိုင်တော့ လိုင်းသိပ် မသုံးဖြစ်ဘူး။ သတင်းတွေကို ကြည့်ပြီး မဟုတ်တာတွေလည်း များတော့ အာရုံနောက်ရတာနဲ့ မသုံးဖြစ်ဘူး။ တီဗီပဲကြည့်ဖြစ်တယ်။ တကယ်ဖြစ်လာရင် တီဗီကနေ မှန်မှန်ကန်ကန် အစိုးရက ကြေညာမှာကိုပဲ ကြည့်တော့မယ်။ သတင်းမှားတွေ ဖြန့်နေတာ အတိအကျ မဟုတ်ဘဲ မတင်သင့်ဘူး။ လူတွေ လန့်အောင် မလုပ်သင့်ဘူး။ စီးပွားရေးသမားတွေကတော့ ဂွင်ကောင်းတွေ့တာပေါ့”
“လူတိုင်းလည်း စဉ်းစားချင့်ချိန်ပြီးမှ ယုံကြပါလို့။ ကျနော်တို့ မြန်မာနိုင်ငံမှာ မရှိသေးဘူးဆိုတာ ယုံတယ်။ ကျနော်တို့ နိုင်ငံက ဘာသာရေး အရမ်းကိုင်းရှိုင်းတယ်။ ဗုဒ္ဓဘာသာ အယူအရ မေတ္တာ တရားများတယ်။ တော်ရုံတန်ရုံ မလာဘူးလို့ မြင်မိတယ်။ ကျနော့် ဘာသာရေး အတွေးအခေါ်ပါ။ ဘယ်ဘာသာပဲ ကိုးကွယ် ကိုးကွယ်ပါ”လို့ ဖြိုးမြတ်အောင်က ပြောပါတယ်။
လက်ရှိမှာ COVID-19 ရောဂါကြောင့် ကျန်းမာရေးဝန်ကြီးဌာနကလည်း လူစုလူဝေးများ မလုပ်ဖို့ ညွှန်ကြားထားသလို ဖြိုးမြတ်အောင်ကလည်း လူများတဲ့ နေရာတွေ ရှောင်တယ်လို့ ပြောပါတယ်။
“ကိုရိုနာရောဂါတွေ ဖြစ်နေတာ ကျနော်ကိုယ်တိုင်က လူများတဲ့ နေရာတွေ ရှောင်တယ်။ လက်ဆေးတယ်။ အိမ်ထဲမှာပဲ နေတာ များတယ်။ ကျနော် ဘာသာရေး လုပ်တယ်။ ပရိသတ်တွေကိုလည်း လူထူထပ်တဲ့ နေရာတွေ မသွားဘဲ အိမ်မှာပဲ နေကြပါ၊ လက်ဆေးကြပါ။ အဲ့လိုနေတာတော့ အကောင်းဆုံးပါ” လို့ ဖြိုးမြတ်အောင်က ဆိုပါတယ်။
COVID-19 ကြောင့် ဒီနှစ်မှာ သင်္ကြန်ပွဲတွေ မကျင်းပရလို့ စိတ်မကောင်းဘူးလို့လည်း ဖြိုးမြတ်အောင်က ဆိုပါတယ်။
“သင်္ကြန်ပွဲတွေ မကျင်းပရတော့ စိတ်တော့ မကောင်းဘူးပေါ့။ ကလေးဘဝကတည်းက အခုချိန်ထိ သင်္ကြန်ဆိုတာ ကျင်းပနေကြတာလေ။ မြန်မာရိုးရာ နှစ်ကူးသင်္ကြန် တနှစ်မှ တကြိမ်ပဲ ကြုံရတာလေ။ စိတ်တော့ မကောင်းဘူး။ ပွဲလုပ်လိုက်ရင်လည်း ရောဂါတွေဖြစ်မှာစိုးလို့ မလုပ်တာ ကောင်းပါတယ်။ ကျနော် ကိုယ်တိုင် ဖျက်လိုက်ရတဲ့ ပွဲတွေ ရှိတယ်။ စရံတွေ ပြန်ပေးလိုက်ရတာ”
“အခုလို ပိတ်တော့ အကုန်လုံး အခက်အခဲ ဖြစ်တာပေါ့။ နည်းနည်း ကသိကအောက် နိုင်တာပေါ့။ ကုန်ဈေးနှုန်းတွေ မတက်တာတော့ ကျေးဇူးတင်တယ်”လို့ ဖြိုးမြတ်အောင်က ပြောပါတယ်။
ဆက်လက်ပြီး ဖြိုးမြတ်အောင်က လတ်တလောမှာတော့ နယ်ပြန်နေပြီး အားတဲ့ အချိန်တွေမှာ တရား မှတ်နေသလို သင်္ကြန်ကာလမှာလည်း ဘုန်းကြီးကျောင်းမှာ တရားထိုင်မယ်လို့ ဆိုပါတယ်။
“ကျနော်အခု နယ်ပြန်နေတယ်။ အားတဲ့ အချိန်မှာ တရားတွေ မှတ်တယ်။ သူငယ်ချင်းတွေနဲ့ တွေ့တယ်။ ကျနော့် သီချင်းအတွက် ဒါရိုက်တာတွေနဲ့ ညှိနေတယ်။ ကျနော့်ရဲ့ “သူမနဲ့ကျနော် အတ္ထုပတ္တိ” ဆိုတဲ့ သီချင်း ရိုက်မယ်။ ဒါပေမဲ့ တိုင်ပင်တုန်းပါ။ သင်္ကြန်တော့ ကျနော်တို့အသိ ဘုန်းကြီးကျောင်းတွေ သွားပြီးတော့ တရားထိုင်မယ်။ မထိုင်ဖြစ်လည်း သူငယ်ချင်းတွေနဲ့ အိမ်ထဲမှာ နေမယ်”လို့ ဖြိုးမြတ်အောင်က ပြောပါတယ်။
Myanmar Idol Season 3 ရဲ့ Winner အဆိုတော် ဖြစ်တဲ့ ဖြိုးမြတ်အောင်က လက်ရှိမှာ သူ့ရဲ့ တကိုယ်တော်ခွေ “သင့်အတွက် မနက်ဖြန်” ဆိုတဲ့အခွေ ထွက်ရှိထားပါတယ်။
You may also like these stories:
ကိုရိုနာကြောင့် သင်္ကြန်တွင်း အိမ်မှာပဲ ရှိနေမယ်လို့ ပြောတဲ့ အဆိုတော် နီလန်း
ထိုင်းစစ်တပ်က ဘန်ကောက်ရှိ လမ်းများကို ညစဉ်ပိုးသတ်
ကိုရီးယားဘာသာစကား သင်ကြားရေး ဗီဒီယိုတွေမှာ ပါဝင်မယ့် BTS အဖွဲ့