အဆိုတော် ဆုန်သင်းပါရ်က ရန်ကုန်အခြေစိုက် နေထိုင်ကြတဲ့ လူလတ်ပိုင်း အမျိုးသမီးများဖြင့် ဖွဲ့စည်းထားတဲ့ Dingdi Dream အဖွဲ့ရဲ့ ဥက္ကဋ္ဌတဦးလည်း ဖြစ်ပါတယ်။
ဒီအဖွဲ့အစည်းကနေ ချင်းပြည်နယ်အတွင်း လိုအပ်လျှက်ရှိတဲ့ လိုအပ်ချက် ကဏ္ဍအသီးသီးအတွက် လှူဒါန်းပေးလျက်ရှိပြီး လတ်တလော ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီးတော့ သူတို့အတွက် ဒုတိယအဆင့် စဉ်းစားရမယ့်အရာလို့ ဆုန်သင်းပါရ်က ဧရာဝတီကို ပြောပါတယ်။
“ဒီအချိန်မှာတော့ ရန်ကုန်မှာကတော့ တချိန်လုံး COVID-19 ရောဂါနဲ့ ပတ်သက်ပြီး တချိန်လုံး တီဗီဖန်သားပြင်ကနေ ကြေညာပေးတယ်။ သတိပေးတာလည်း ရှိတယ်။ စာတွေလည်း အများကြီး ထွက်တယ်။ ကိုယ့်ဘာသာ သန့်သန့်ရှင်းရှင်းနဲ့ ဂရုစိုက်ဖို့ပေါ့”
“ဒါပေမဲ့ စစ်ဘေးဒဏ် ခံစားနေရတဲ့သူတွေရဲ့ကြားထဲမှာတော့ သူတို့အတွက်တောင် သူတို့ အသက်လုရတယ် ပြောမလားပေါ့။ တနေ့တနေ့ စားဖို့၊ အိပ်ဖို့နေတာတောင်မှ အခက်အခဲရှိတဲ့ ကြားထဲမှာ ဒါကိုသွားပြောဖို့ကျတော့ သူတို့အတွက် လက်လှမ်းမမှီသလို ဖြစ်နေတယ်။ သူတို့အတွက် အရေးကြီးတာက စားဖို့သောက်ဖို့တွေ၊ လိုအပ်တဲ့ စားဖို့အိပ်ဖို့ နေရာတွေ လိုအပ်တယ်”လို့ ဆုန်သင်းပါရ်က ပြောပါတယ်။
“ဒါကတော့ ဒုတိယအဆင့်အနေနဲ့ စဉ်းစားရမယ် ထင်ပါတယ်။ ကိုယ့်အတွက် ရန်ကုန်မှာရှိတဲ့သူတွေအတွက်ကတော့ COVID-19 က ပထမအဆင့်ဆိုပေမယ့် စစ်ဘေးဒဏ်သင့်တဲ့ နေရာတွေ၊ ဒုက္ခသည်တွေအတွက်ကျတော့ သူတို့အတွက် အလိုအပ်ဆုံးက နေရေးစားရေးပါပဲ” လို့ ဆုန်သင်းပါရ်က ပြောပါတယ်။
တကမ္ဘာလုံးဖြစ်နေတဲ့ ကပ်ရောဂါဖြစ်တဲ့အတွက် ကိုယ့်ထက်တိုးတက်တဲ့နိုင်ငံများတောင် အထိခိုက်များတဲ့အတွက် ကိုယ်တိုင်က အရင်ကာကွယ်ထားသင့်တယ်လို့ ပြောပါတယ်။
“တကမ္ဘာလုံး ကပ်ရောဂါလိုမျိုး ဖြစ်လာတော့ ကိုယ့်ထက်တိုးတက်တဲ့ နိုင်ငံတွေတောင်မှ ဘယ်လောက်အထိ အထိအခိုက်များလဲဆိုတာ လူအများလည်း သိကြပါတယ်။ အခုအချိန်မှာတော့ ဘာမှ မစဉ်းစားနိုင်သေးဘူး။ အရမ်းတော့ ကြောက်စရာ ကောင်းတယ်။ တကယ်တမ်းဖြစ်လာရင် တရားဝင် ထုတ်ပြန်ထားတဲ့အရာတွေကို လိုက်နာပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေသင့်တယ် မြင်ပါတယ်”လို့ ဆုန်သင်းပါရ်က ပြောပါတယ်။
ဆုန်သင်းပါရ် ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူထားတဲ့ Dingdi Dream Charity Organization ကိုတော့ တည်ထောင်တာ ၁ နှစ်ခွဲခန့် ရှိနေပြီး သက်လတ်ပိုင်း အမျိုးသမီးများစွာ ပါဝင်ထားပြီး ချင်းပြည်နယ်အတွင်း လိုအပ်ချက်များနဲ့ စစ်ဘေးရှောင်များအတွက် လှူဒါန်းပေးလျက်ရှိတယ်လို့ သိရပါတယ်။
“ချင်းပြည်နယ်ဟာ တနိုင်ငံလုံးမှာ လိုအပ်ချက်တွေ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ မဆုန်သင်းတို့ အဓိက ရည်ရွယ်ထားတာတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေ၊ ပြီးတော့ ချင်းပြည်နယ်မှာရှိတဲ့ လိုအပ်ချက်တွေ၊ လိုအပ်ချက်ကတော့ အများကြီးရှိတယ်။ တချို့ကျတော့ အစိုးရက ဖြည့်ဆည်းပေးနိုင်တာ ရှိတယ်။ တချို့ကျတော့လည်း အစိုးရ လက်လှမ်းမမှီတဲ့ အရာလေးတွေပေါ့”
“သူတို့တွေရဲ့လိုအပ်တွေချက်တွေ၊ အမျိုးသမီးတွေ၊ လူငယ်တွေရဲ့ပညာရေး ကဏ္ဍအသီးသီးပေါ့လေ။ အထူးပြုတာတော့ ပညာရေးကဏ္ဍ၊ မသန်စွမ်းတဲ့သူတွေအတွက် ဘာလုပ်ပေးနိုင်မလဲ။ လိုအပ်တဲ့ရွာတွေမှာ ရေတွေလှူပေးတာတို့ မသန်စွမ်းတွေအတွက် ဝှီးချဲတွေ လှူပေးတယ်”လို့ ဆုန်သင်းပါရ်က ပြောပါတယ်။
အခုအချိန်မှာတော့ ချင်းပြည်နယ်၊ ပလက်ဝမှာရှိတဲ့ စစ်ဘေးရှောင် လူအယောက် ၂၅၀၀ ကျော်အတွက် လှူဒါန်းပေးလျက်ရှိတယ်လို့ သိရပါတယ်။
“အခုဆိုရင် အရေးပေါ်လိုအပ်နေတဲ့ ပလက်ဝဒေသ စစ်ဘေးရှောင် အယောက် ၂၅၀၀ ရှိတယ်။ အခုဆိုရင်ကျော်လည်း ကျော်နိုင်တယ်ပေါ့။ သူတို့တွေအတွက် မဆုန်သင်းတို့ကို လှူဒါန်းပေးကြတဲ့ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီလို လှူဒါန်းပေးကြတဲ့သူတွေအတွက် ချင်းတမျိုးသားအနေနဲ့ရော ဒုက္ခသည်တွေ ကိုယ်စားရော ကျေးဇူးတင်ပါတယ်” လို့ ဆုန်သင်းပါရ်ကပြောပါတယ်။
You may also like these stories:
ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရသည့် မြန်မာ့ပို့ကုန် ကဏ္ဍ
ဗဟိုဘဏ် လျှော့တဲ့ အတိုးနှုန်း အရမ်းနည်းဟု ဝေဖန်နေကြ
ဗိုင်းရပ်စ်ရိုက်ခတ်မှု ကြီးလာပါက အခွန်ကင်းလွတ်၊ သက်သာခွင့်၊ အတိုးနည်း ချေးငွေ ပေးရန် စီစဉ်
COVID-19 မြန်မာ အပေါ် ဘယ်လောက်အထိ ရိုက်ခတ်မှု ရှိသလဲ
COVID- 19 ကြောင့် စက်ရုံ ပိတ်သိမ်းမှု ပိုများလာနိုင်ဟု အလုပ်သမားဝန်ကြီးပြော