အမေရိကန် သီချင်းရေးဆရာနဲ့ အဆိုတော် Lionel Richie ဟာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ရန်ပုံငွေ ထူထောင်ဖို့ “We Are the World” သီချင်း ဗားရှင်းအသစ်တခုကို ထုတ်လုပ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
အသက် ၇၀ အရွယ် အဆိုတော် Richie ဟာ အဲ့ဒီသီချင်းရဲ့ ၃၅ နှစ်ပြည့် နှစ်ပတ်လည်အဖြစ် ကနဦးတုန်းက သတ်မှတ်လိုခဲ့ခြင်း မရှိခဲ့ပေမယ့် အခုတော့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြောင့် သီချင်းကနေ ပေးချင်တဲ့ သတင်းစကားကို ရှင်းရှင်းလင်းလင်း တင်ပြလို့ရပြီလို့ ဆိုပါတယ်။
ကွယ်လွန်သူ အဆိုတော် မိုက်ကယ်ဂျက်ဆင်နဲ့ ကန်နီရော်ဂျာ၊ Cyndi Lauper ၊ Diana Ross နဲ့ တခြား နာမည်ကျော် အဆိုတော်တွေ ပါဝင်သီဆိုထားတဲ့ အဲ့ဒီနာမည်ကျော် သီချင်းဟာ အာဖရိကမှာဖြစ်ခဲ့တဲ့ အစာငတ်ဘေးကို တိုက်ဖျက်ဖို့ ဒေါ်လာ ၆၃ သန်းအထိ ရန်ပုံငွေ ရရှိခဲ့ပါတယ်။
သီချင်းစာသားထဲမှာ ပါဝင်တဲ့ “There’s a choice we’re making, we’re saving our own lives” (ငါတို့လုပ်နေတဲ့ ရွေးချယ်မှုတခု ရှိတယ်။ ငါတို့ရဲ့ ကိုယ်ပိုင်ဘဝတွေကို ငါတို့ ကယ်တင်နေတာပဲ) ဆိုတဲ့ စာသားကို ကိုးကားပြီး Richie က “လွန်ခဲ့တဲ့ နှစ်ပတ်တုန်းက နှစ်ပတ်လည်တခုအတွက် ရောင်းတာချတာမျိုး လုပ်ဖို့အချိန် မဟုတ်လို့ သီချင်းနဲ့ ပတ်သက်လို့ ပြန်ဖန်တီးတာမျိုး မလုပ်ချင်ဘူးလို့ ကျနော်တို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အခုကတော့ အဲ့ဒီသတင်းစကားက ရှင်းလင်းသွားခဲ့ပါပြီ”လို့ ဆိုပါတယ်။
American Idol ဒိုင်လူကြီး Richie က စာသားအသစ် ထည့်ရေးဖို့ ကြိုးပမ်းခဲ့ပေမယ့် မူရင်းသီချင်းကသာ သူ့အတွက် ဆွဲဆောင်မှုရှိတယ်လို့ ဆိုပါတယ်။ သူက “အကြိမ်တိုင်း ကျနော်က တခြားသတင်းစကား တခုကို ထည့်ရေးဖို့ ကြိုးစားကြည့်ပေမယ့် အလားတူ စကားလုံးတွေကိုပဲ ရေးခဲ့ရတယ်” လို့ ဆိုပါတယ်။
သူဟာ အဲ့ဒီသီချင်းကို အဆိုတော် မိုက်ကယ်ဂျက်ဆင်နဲ့ အတူ ရေးသားခဲ့တာဖြစ်ပြီး အခုလိုမျိုး စွမ်းအားပြင်းတဲ့ စာကြောင်းတွေကို ဘယ်လိုရရှိခဲ့တယ်ဆိုတဲ့ အကြောင်းကိုလည်း ပြန်ပြောင်း ပြောပြခဲ့ပါတယ်။
“မိုက်ကယ်နဲ့ ကျနော်တို့ စကားပြောနေရင်း ထိုင်နေတုန်း အဲ့ဒီစာသားတွေ ထွက်လာတာပါ။ ကျနော်တို့က ငါ့ရဲ့ ဘဝကို ငါကယ်တင်မှာလား ငါတို့ရဲ့ဘဝကို ငါတို့ကယ်တင်မှာလားဆိုပြီး ပြောခဲ့ကြတယ်။ We Are the World ဟာ ကျနော်တို့ လုပ်ချင်တဲ့ ထုတ်ပြန်ချက်တခု ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ဘဝကို ကယ်တင်ဖို့ ကျနော်တို့ ဘာလုပ်နိုင်မလဲ” လို့ သူက People မဂ္ဂဇင်းကို ပြောဆိုခဲ့ပါတယ်။
လောလောဆယ်မှာတော့ အဆိုတော် Richie ဟာ မိသားစုနဲ့အတူ သူ့အိမ်မှာ ရှိနေပါတယ်။
Ref. Asiaone
You may also like these stories:
မင်းသား Keanu Reeves နဲ့ သင့်တော်မယ့် ဇာတ်ကောင် Marvel တွေ့ရှိ
COVID-19 ကာလမှာ ပရိသတ် ၃ ဦးအတွက် လိုအပ်တာ ဝယ်ပေးမယ့် Britney Spears
ကပ်ရောဂါအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်များ