ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါပိုးအား မြန်မာနိုင်ငံမှာ လူ ၂ ဦးထံမှ တွေ့ရှိခဲ့ပြီးနောက် စိုးရိမ်ပူပန်နေကြတဲ့ ပြည်သူလူထုထဲမှ အနုပညာရှင်များကလည်း အိမ်အတွင်းမှာ နေထိုင်ကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုများ ပြုလုပ်လာကြတာ တွေ့ရပါတယ်။ အဆိုတော် စန္ဒီမြင့်လွင်ကတော့ စိုးရိမ်နေကြတဲ့ ပြည်သူတွေကို အခုလိုပြောခဲ့ပါတယ်။
“ကျန်းမာရေးဝန်ကြီးဌာနက ပြောတဲ့အတိုင်း သတင်းအမှန်တွေနားထောင်ပြီး လိုက်နာမယ်ဆိုရင်တော့ အားလုံး အဆင်ပြေမှာပါ။ အကောင်းဆုံး အခြေအနေ ရောက်လာတော့မှာပါ”
“အခုကတော့ ပြန်ကောင်းလာပြီဆိုပြီးလည်း ပြောတယ်။ သေချာ တိတိကျကျတော့ မသိသေးပါဘူး။ အားလုံးပြောသလို သတင်းတွေ ကြားသလိုပါပဲ။ ကျန်းမာအောင် နေမယ်။ သန့်ရှင်းအောင် နေမယ်။ ကျန်းမာရေးဝန်ကြီးဌာနက သတင်းပဲ နားထောင်ပြီး အကောင်းဆုံးနေကြပါ” လို့ စန္ဒီမြင့်လွင်က ပြောပါတယ်။
ကိုယ်တိုင်လည်း မိသားစုနဲ့ သမီးလေးကို အပြင်မထွက်စေဘဲ ကာကွယ်မှုတွေ ပြုလုပ်နေတယ်လို့ စန္ဒီမြင့်လွင်က ဆိုပါတယ်။
“အဓိကတော့ အိမ်ထဲမှာလူကြီးတွေရှိတော့ သူတို့ကို ဂရုစိုက်ပြီး အိမ်ထဲက အိမ်ပြင်မထွက်ဘဲ ကာကွယ်နေပါတယ်” လို့ စန္ဒီမြင့်လွင်က ပြောပါတယ်။
စိုးရိမ်မှုကြောင့် ရိက္ခာများ ဝယ်စုနေကြတဲ့ သူတွေကိုလည်း စိတ်အေးအေးထားပြီး ချင့်ချိန်ဝယ်ကြဖို့ စန္ဒီမြင့်လွင်က အခုလိုပဲ ပြောပါတယ်။
“စိတ်အေးအေးထားပါ။ အရမ်းကြီး မဟုတ်ဘဲ လိုသလောက် ဝယ်တာပဲ ကောင်းပါတယ်။ အများပြည်သူလည်း ရှိတယ်။ ကိုယ်တယောက်တည်း မဟုတ်တော့ ချင့်ချိန်ပြီးဝယ်တာ ကောင်းပါတယ်” လို့ စန္ဒီမြင့်လွင်က ပြောပါတယ်။
ကျန်တဲ့ စိုးညီအစ်မများနဲ့ အတူ ဖွင့်လှစ်ထားတဲ့ “မင်းသမီး” ပိုးထည်တိုက်ကိုလည်း ဒီရက်ပိုင်းအတွင်းပိတ်ပြီး အွန်လိုင်းကနေသာ ရောင်းချသွားမယ်လို့လည်း သိရပါတယ်။
စန္ဒီမြင့်လွင်ကတော့ အဆိုပါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အများပြည်သူအား ကာကွယ်မှုပြုလုပ်ရန်အတွက် အသိပေးတဲ့အနေနဲ့ လက်ဆေး Challenge ကိုလည်း ပြုလုပ်လျက်ရှိပြီး သူကနေတဆင့် တခြားသော အနုပညာရှင်များ ဖြစ်ကြတဲ့ စိုးမြတ်နန္ဒာ၊ ဝိုင်းစုခိုင်သိန်း၊ အမွန်း၊ ဂျင်းနီတို့ကို Challenge လုပ်ထားပါတယ်။
You may also like these stories:
စစ်ဘေးရှောင်တွေအတွက် COVID – 19 က ဒုတိယအဆင့် စဉ်းစားရမယ့်အရာလို့ ဆုန်သင်းပါရ် ပြော
ကိုရိုနာကြောင့် သင်္ကြန်တွင်း အိမ်မှာပဲ ရှိနေမယ်လို့ ပြောတဲ့ အဆိုတော် နီလန်း
သင်္ကြန်အတွင်း ရုပ်ရှင်ဇာတ်ကားတွေပဲ ထိုင်ကြည့်တော့မယ့် ထွန်းထွန်း