COVID-19 ကြိုတင် ကာကွယ်ရေးအတွက် လက်ဆေးတဲ့ ဗီဒီယိုဖိုင်ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သရုပ်ပြခဲ့ပြီးနောက်မှာ “COVID-19 ကြိုတင် ကာကွယ်ရေး စနစ်တကျလက်ဆေးကြစို့” ဆိုတဲ့ ဗီဒီယိုနဲ့လည်း သရုပ်ဆောင် ချစ်သုဝေက လက်ဆေးပုံကို ဝေမျှခဲ့ပါတယ်။
အဲဒီနောက်မှာတော့ စိုင်းစိုင်းခမ်းလှိုင်က COVID-19 ကာကွယ်ဖို့ လက်ဆေးပုံ Hand Washing Challenge အနေနဲ့ ဗီဒီယိုဖိုင်တင်ခဲ့ပြီး သရုပ်ဆောင် ဖွေးဖွေးကို အဲဒီအတိုင်း တင်ဖို့ စိန်ခေါ်ခဲ့ပါတယ်။ ဖွေးဖွေးကလည်း စိုင်းစိုင်းတင်ပြီး မကြာခင်မှာပဲ အဲဒီ စိန်ခေါ်မှုကို လက်ခံကာ လက်ဆေးတဲ့ ဗီဒီယိုဖိုင် တင်ခဲ့ပြီး သရုပ်ဆောင် အလင်းရောင်ကို ထပ်မံ ဖိတ်ခေါ်ထားပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ရဲ့ Hand Washing Challenge ဗီဒီယိုဖိုင်
“ပရိသတ်တွေအားလုံး အခုချိန်မှာ သတိ ဝိရီယနဲ့ နေကြပါ။ မိမိကိုယ်ကို ကာကွယ်ခြင်းက မိမိပတ်ဝန်းကျင် မိမိ မိသားစုကို ကာကွယ်ခြင်းလည်း ဖြစ်ပါတယ်။ အားလုံး တတ်နိုင်ရင် အပြင် မထွက်ဘဲ အိမ်မှာ နေပေးပါ။ လူတွေနဲ့ မထိတွေ့ပါနဲ့။ တယောက်နဲ့ တယောက်လည်း ၃ ပေအကွာ နေပေးပါ”လို့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ဆိုထားပါတယ်။
ဒါ့အပြင်က နှစ်စဉ် မွေးနေ့ဖျော်ဖြေပွဲ ကျင်းပလေ့ရှိတဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ ဒီနှစ် သူ့ရဲ့ မွေးနေ့ ဖျော်ဖြေပွဲကို အိပ်ခန်းတွင်းမှာပဲ ကျင်းပတော့မယ်လို့ ဆိုထားပါတယ်။
“ဒီနှစ်အခြေအနေအရ လူစုဖို့ မဖြစ်နိုင်တော့ဘဲ အားလုံးအိမ်ထဲမှာပဲ တတ်နိုင်သလောက်နေဖို့ ဖြစ်လာတဲ့အခါ ကျနော် မွေးနေ့ပွဲကို အိပ်ခန်းထဲမှာပဲ ကျင်းပဖို့ ဖြစ်လာပါတယ်”
“၁၅ နှစ်ဆက်တိုက် ကျနော်မွေးနေ့ပွဲ ကျင်းပရာနေရာကို ကျနော့်ပရိသတ်တွေ တက်ရောက်ခဲ့ကြပြီးတဲ့နောက် ဒီနှစ်မှာတော့ လူတိုင်းရဲ့ အိပ်ခန်းထဲကနေပဲ ကျနော့် ဖျော်ဖြေမှုကို ကြည့်ရှုကြရတော့မှာဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအခြေအနေက နေ့စဉ် ပြောင်းလဲနေတာကြောင့် ကျနော် ဘယ်လို ဖျော်ဖြေမယ်ဆိုတာ အခုချိန် မပြောနိုင်သေးပါဘူး”လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုထားပါတယ်။
နောက်ထပ် Hand Washing Challenge ပြုလုပ်ထားတဲ့ အနုပညာရှင်ကတော့ အဆိုတော် စန္ဒီမြင့်လွင်ဖြစ်ပြီး သူကတော့ အစ်မဖြစ်သူ သရုပ်ဆောင် စိုးမြတ်နန္ဒာ၊ အဆိုတော် ဝိုင်းစုခိုင်သိန်း၊ အမွန်းနဲ့ ဂျင်းနီတို့ကို Challenge လုပ်ထားပါတယ်။
ကမ္ဘာအနှံ့မှာ ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကြောင့် သေဆုံးသွားတဲ့ လူဦးရေတွေက တနေ့တခြား ပိုတိုးလာပါတယ်။
မြန်မာနိုင်ငံအတွင်းမှာတော့ လူစုလူဝေး အများအပြားနဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့သလို ရုပ်ရှင်ရုံတွေလည်း ယာယီပိတ်ထားရတဲ့ အခြေအနေပါ။ မြန်မာနိုင်ငံက အနုပညာရှင် တော်တော်များများကလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တဖက်တလမ်းကနေ တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။
You may also like these stories:
COVID-19 သတင်းတွေကြောင့် အလွန်အကျွံ ဈေးမဝယ်ကြဖို့ စန္ဒီမြင့်လွင် တိုက်တွန်း
COVID-19 နဲ့ ပတ်သက်ပြီး သတင်းမှားတွေ မယုံကြဖို့ ဖြိုးမြတ်အောင် ပြော
သင်္ကြန် မဏ္ဍပ်တွေ ပျက်တဲ့အပေါ် နစ်နာမှုအကြောင်း ပြောပြတဲ့ မေမီကိုကို